ကချင်ဒေသ ဇူလိုင်တစ်လတာအတွင်း အရပ်သား(၃၂)ဦး သေဆုံး
- Pajau Media

- Aug 9, 2025
- 1 min read
ပါဂျောင်မီဒီယာ
၉ရက်၊ ဩဂုတ်၊ ၂၀၂၅။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် စစ်ကောင်စီအပါအဝင် လက်နက်ကိုင်တပ်များ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား(၃၂)ဦး ထိခိုက်သေဆုံးခဲ့ကြောင်း KHRW -Kachin Human Rights Watch က ထုတ်ပြန်ထားသည်။
အဆိုပါ သေဆုံးမှုများမှာ ဇူလိုင်လတစ်လတာအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေယာဉ်ဗုံးကြဲတိုက်ခိုက်မှု၊ ဒရုန်းဖြင့်တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် သေနတ်ဖြင့် ပစ်ခတ်ခံရမှုများ ဖြစ်သည်။
ဖြစ်စဉ်များမှာ ဇူလိုင် ၃ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ် အမှိုက်ပုံကျေးရွာရှိ ဘုန်းကြီးကျောင်းပေါ် ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ နောက်ထပ်(၁၂)ဦး ထိခိုက်ဒဏ်ရာရသည့်ဖြစ်စဉ်၊ ဇူလိုင်လ ၁၀ ရက်နေ့ ဖားကန့်မှော်ဆီစာကျေးရွာ SKY ဟိုတယ်ရှေ့ အချဉ်ပေါင်းသည် တစ်ဦး ပစ်သတ်ခံရသည့်ဖြစ်စဉ်၊ ဇူလိုင်လ ၃၀ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ရာစုသစ်ဟိုတယ်ကို လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးအပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး၊ ၈ ဦး ထိခိုက်ဒဏ်ရာရသည့်ဖြစ်စဉ်၊ ဇူလိုင် ၃၁ ရက်နေ့ ဖားကန့်မှော်ဆီစာကျေးရွာ လက်နက်ကြီးးကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦးနှင့် မိခင်သေဆုံးခဲ့သည့် ဖြစ်စဉ်တို့ဖြစ်ကြောင်း သိရသည်။
အလားတူ မြန်မာ့အမျိုးသမီးသမ္မဂအဖွဲ့(Burmese Women’s Union) အဖွဲ့မှလည်း စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဇူလိုင်လတစ်လတာအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမျိုးသမီး(၆၄)ဦး သေဆုံးခဲ့ပြီး၊ (၈၀)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
သတင်း - ထုဆိုင်း










Comments