ကချင်ပြည်နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု နှင့် လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူပြည်သူများ ယခုရက်ပိုင်းအတွင်းပိုမိုများပြားလာ
- Pajau Media

- Jun 3, 2024
- 1 min read
ပါဂျောင်မီဒီယာ
၃ရက်၊ ဇွန်လ၊ ၂၀၂၄

ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA/KPDF) ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ရာ စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာဒေသများသို့ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ကာ လေယာဉ်များဖြင့်ဗုံးကြဲတိုက်ခိုက်သောကြောင့် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများ ယခုရက်ပိုင်းအတွင်း ပိုမိုများပြားလာကြောင်းသိရသည်။
ယမန်နေ့ ဇွန်လ ၂ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်အချိန်ခန့်တွင်လည်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ တာလောကြီးရွာ နှင့် ဘော်ဆာဒီးကျေးရွာကိုဆက်သွယ်ထားသော ဒဘတ်ချောင်းကူးတံတားကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ ဖျက်ဆီးခဲ့သည်။

အလားတူ ဇွန်လ ၁ ရက်နေ့ ညသန်းခေါင် ၁၂ နာရီ ၂၀ မိနစ်ခန့်တွင်လည်း ဗန်းမော်ခရိုင်၊ ရွှေကူမြို့ရှိ မြို့ကုန်းတိုက်နယ်ဆေးရုံကိုလည်း စစ်ကောင်စီတပ်များမှ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ရာ အသက်(၈) နှစ်အရွယ်ကလေးငယ်တစ်ဉီးအသက်သေဆုံးခဲ့ရပြီး ဆေးရုံတက်နေသော လူနာများအပါအဝင် ပြည်သူ (၇) ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အနီးဝန်းကျင်တွင်ကျက်စားနေသော နွားများလည်းသေဆုံးခဲ့ရသည်။
ထိုသို့ စစ်ကောင်စီတပ်များမှ တိုက်ပွဲဖြစ်ပွားမှုမရှိသော နေရာဒေသများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သည်သာမက လေယာဉ်များဖြင့်လည်း ဗုံးကြဲတိုက်ခိုက်သောကြောင့် ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရကာ သေဆုံးရခြင်းဖြစ်သည်။ ထို့အပြင် မေလ (၃၁)ရက်နေ့တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဝိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာရှိ ဒေသခံပြည်သူ၏ နေအိမ်တစ်လုံး တစ်စစီ ပျက်စီးခဲ့ရသည်။
RFA သတင်းဌာန ၏ စစ်တမ်းအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ မှ မေလအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနှင့် လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပြည်သူ (၆၆၂)ဉီး သေဆုံးခဲ့ရပြီး၊ (၁၄၉၂) ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။




Comments