ကချင်ပြည်နယ်တွင် ဇွန်လတစ်လတာအတွင်း စစ်ကောင်စီနှင့်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏သတ်ဖြတ်မှုကြောင့် ပြည်သူ(၂၀)ဦးသေဆုံး
- Pajau Media

- Jul 2, 2025
- 1 min read
Updated: Jul 3, 2025
ပါဂျောင်မီဒီယာ။
၂ရက်၊ဇူလိုင်၊၂၀၂၅။
ဇွန်လတစ်လတာအတွင်း ကချင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်ကာ စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် အရပ်သား ပြည်သူ (၁၇)ဦးသေဆုံးပြီး အမည်မသိလက်နက်ကိုင်တစ်စုမှ သတ်ဖြတ်မှုကြောင့် ပြည်သူ (၃) ဦးသေဆုံးခဲ့ကြောင်း Kachin Human Rights Watch (KHRW)၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဖားကန့်မြို့နယ်ဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ပြီး စစ်ကောင်စီ၏သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ (၁၇) ဦး၊ အမည်မသိလက်နက်ကိုင်တပ်တစ်စုကြောင့် ပြည်သူ(၃)ဦး တို့သေဆုံးခဲ့ပြီး၊ လက်နက်ထိမှန်မှုကြောင့် ပြည်သူ(၆)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ဇွန်လ ၃ ရက်နေ့တွင်လည်း စစ်ကောင်စီပစ်လိုက်သောလက်နက်ကြီးမှာ ကျောက်စိမ်းကုမ္ပဏီတစ်ခုရှိယမ်းဂိုထောင်တွင် ကျရောက်ပေါက်ကွဲမှုကြောင့် ကုမ္ပဏီဝန်ထမ်းနှစ်ဦးသေဆုံးခဲ့သည်။
ဇွန်လ ၆ ရက် နေ့တွင်လည်း စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ကလေး (၄)ဦးအပါအဝင် အရပ်သား (၉) ဦးသေဆုံးခဲ့ပြီး လူနေအိမ် များစွာပျက်စီးဆုံးရှံးခဲ့သည်။
ဖားကန့်မြို့တွင် မေလကုန်ပိုင်းက စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စစ်ကြောင်းလမ်းတစ်လျှောက်တွင် ပြည်သူများကိုသတ်ဖြတ်ခြင်း လူသားဒိုင်းကာ အဖြစ်အသုံးပြုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများကလည်း အာဏာသိမ်းစစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိတ်ပင်ရန် အရေးယူဆောင်ရွက်မှုများ အမြန်ဆုံးလုပ်ဆောင်သင့်ကြောင်းလည်း အကြံပြုထားသည်။
သတင်း - ဇော်










Comments