ကချင်ပြည်နယ်တွင် တစ်ပတ်တာကာလအတွင်း ထိတွေ့တိုက်ပွဲ (၁၅)ကြိမ်ဖြစ်ပွား
- Pajau Media

- Jul 28, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၈ ရက်၊ ဇူလိုင်၊ ၂၀၂၅။

လတ်တလော ကချင်ပြည်နယ်မှ ဖားကန့်၊ဗန်းမော်၊ဝိုင်းမော်ဒေသတို့တွင် နေ့စဉ်ထိတွေ့တိုက်ပွဲ ပြင်းထန်နေရာ၊ ပြီးခဲ့သည့် အပတ်အတွင်း ထိတွေ့တိုက်ပွဲ (၁၅)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း KIA သတင်းဌာနက ဖော်ပြထားသည်။
ဗန်းမော်ဒေသတွင် မြေပြင်စစ်ကြောင်းမရှိ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် လေကြောင်း၊ဒရုန်း၊လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ တစ်ပတ်တာအတွင်း ဒရုန်း(၅၈)ကြိမ်၊ လေကြောင်းဗုံးဖြင့် (၂၄)ကြိမ်၊ လက်နက်ကြီးဖြင့် (၃၆၆)ကြိမ်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဗန်းမော်ဒေသ ပစ်ခတ်တိုက်ခိုက်မှုတွင် အဆိုးဆုံးတိုက်ခိုက်မှုမှာ ဇူလိုင်(၁၈)ရက်နေ့ဖြစ်ပြီး၊ ယင်းတစ်နေ့ထဲတွင် လေကြောင်းဗုံး (၁၄)ကြိမ်၊ ဒရုန်းဗုံး(၂၇)ကြိမ်၊ လက်နက်ကြီး(၁၆၃)ကြိမ် ပစ်ခတ်ခဲ့သည်။
ဝိုင်းမော်-လမြန်ဒေသတွင်လည်း စစ်ကောင်စီမှ စစ်ကြောင်း လှုပ်ရှားလာသောကြောင့် စစ်ရေးတင်းမာနေခဲ့ပြီး၊ လက်နက်ကြီး၊ဒရုန်းဗုံးများ နေ့စဉ်ဆက်တိုက် ပစ်ခတ်ခဲ့သည်။ စစ်ရေးကြောင့် လတ်တလော ဝိုင်းမော်-နန်ဇော်ယန်လမ်း၊ ဝါးရှောင်သွားလမ်းကိုလည်း ဇူလိုင်လဆန်းကတည်းက ပိတ်ထားခဲ့သဖြင့် ကားလမ်းမှာ သွားလာရေးခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။
ထို့အပြင် ခတ်ချို၊ ဒါဂျန်ကျေးရွာဘက်မှာလည်း စစ်ကောင်စီက စစ်ကြောင်းထိုး လှုပ်ရှားနေသောကြောင့် ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည်ဟု ဆိုသည်။ ဝိုင်းမော်-လမြန်နှင့် ခတ်ချို၊ ဒါဂျန်ကျေးရွာဘက် စစ်ကြောင်းလှုပ်ရှားမှုရှိတိုင်း မြစ်ကြီးနား မပခမှ လက်နက်ကြီးများ ဆက်တိုက်ပစ်ကူခဲ့ကြောင်း သိရသည်။
ဖားကန့်ဒေသတွင်လည်း လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး၊ ပြည်သူများနေထိုင်သည့် ကျေးရွာအထိ လေကြောင်းဗုံး၊ လက်နက်ကြီး ပစ်ခတ်မှုနှင့် အင်းတော်ကြီး နန့်မွန်း၊မိုင်းနောင်ဒေသတွင် ရှမ်းနီပြည်သူ့စစ်မှ ပြည်သူများကို အမျိုးမျိုးစစ်ဆေးပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
သတင်း - ပီလမ့်အူ




Comments