top of page

ကချင်ပြည်နယ်တွင် တစ်ပတ်အတွင်း တိုက်ပွဲ(၁၇)ကြိမ် ဖြစ်ပွားခဲ့ပြီး၊ စစ်တပ်ဒရုန်း(၆)စင်း ပစ်ချနိုင်ခဲ့

  • Writer: Pajau Media
    Pajau Media
  • Aug 18, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊ ဩဂုတ်၊ ၂၀၂၅။



ကချင်ပြည်နယ်အတွင်း စစ်ရေးပြင်းထန်နေသည့် ဗန်းမော်၊ ဝိုင်းမော်နှင့် ဖားကန့်ဒေသတို့တွင် တစ်ပတ်အတွင်း စစ်ကောင်စီနှင့် KIAတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲ (၁၇)ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး၊ စစ်တပ်ဒရုန်း(၆)စင်းကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း KIAသတင်းဌာနမှ သိရသည်။


ယခုအပတ်အတွင်း စစ်ရေးပြင်းထန်ဆုံးနေရာမှာ ဗန်းမော်ဒေသဖြစ်ပြီး စစ်ကောင်စီက မြေပြင်စစ်ကြောင်းအပြင် လေယာဉ်ဗုံး၊ ဒရုန်း၊လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေခဲ့ပြီး၊ တစ်ပတ်အတွင်း စစ်တပ်က လေယာဉ်ဗုံး(၅၀)၊ ဒရုန်းဗုံး(၃၀)ကျော်နှင့် လက်နက်ကြီးဖြင့် (၄၁၇)ကြိမ် လာရောက်ပစ်ခတ်ခဲ့သည်။


ဗန်းမော်ဒေသတွင် မြေပြင်စစ်ကြောင်းမှာ ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ပြီး၊ နှစ်ဖက်ထိခိုက်သေဆုံးမှု များပြားခဲ့သည်ဟု ဆိုသည်။


ဖားကန့်ဒေသတွင်လည်း စစ်ရေးပြင်းထန်နေသလို စစ်တပ်က ပြည်သူများနေထိုင်သည့်ဘက် လက်နက်ကြီး၊ လေကြောင်းများဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်သောကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုမှာ ဆက်တိုက်ရှိနေကြောင်း သိရသည်။


ထို့အပြင် အမှတ်(၉)တပ်မဟာ၊ အမှတ်(၂၆) ဒေသဖြစ်သည့် မိုင်းနောင်နှင့် မမုံကိုင်ဒေသတို့တွင် KIAပူးပေါင်းတပ်ဖွဲ့နှင့် SNA ပြည်သူ့စစ်တပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲမှာ ဆက်တိုက်ပြင်းထန်နေခဲ့သည်ဟု ဆိုသည်။


အလားတူ ဝိုင်းမော်ဒေသတွင်လည်း စစ်တပ်မှ မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲ(၃)ကြိမ် ဖြစ်ပွားခဲ့ရာ မြစ်ကြီးနားဘက်မှ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်း၊ ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။


ထို့အပြင် ခတ်ချို၊ ဒါ့ကျန်ကျေးရွာဘက်လည်း စစ်တပ်၏ စစ်ကြောင်းလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေသည်။


ကချင်ပြည်နယ်တွင် ထိတွေ့တိုက်ပွဲနေ့စဉ် ဆက်တိုက်ဖြစ်ပွားနေသောကြောင့် အရပ်သားပြည်သူများအနေဖြင့် သတိထားနေထိုင်ရန် KIAသတင်းဌာနက သတိပေးထားသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page