ကချင်ပြည်နယ်တွင် နှစ်လခွဲကြာ ဖြတ်တောက်ခံထားရသော အင်တာနက်လိုင်းများ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီ
- Pajau Media

- Jan 16, 2024
- 1 min read
ပါဂျောင်မီဒီယာ

ကချင်ပြည်နယ် မြို့နယ်အချို့များတွင် နှစ်လခွဲကြာမြင့်သည်အထိ ဖြတ်တောက်ခံထားရသော ဝိုင်ဖိုင် အင်တာနက်လိုင်းများ ယမန်နေ့ ဇန္နဝါရီလ ၁၅ရက် ညနေ ၅နာရီချိန်လောက်မှ စ၍ ပြန်လည် အသုံးပြု နိုင်ပြီဖြစ်ကြောင်း မြို့နယ် ဒေသခံများထံမှ သိရသည်။
ကချင်ပြည်နယ်တွင် ဖုန်းလိုင်းများ အပါအဝင် ဝိုင်ဖိုင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်မှာ ယခင်နှစ် ၂၀၂၃ နိုဝင်ဘာလမှ စပြီး နှစ်လခွဲကြာမြင့်သည်အထိ ပိတ်ထားခံခဲ့ရခြင်း ဖြစ်သည်။
ထို့အပြင် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ မတိုင်မီ ဇန္နဝါရီလ ၈ရက်နေ့ ညနေပိုင်းမှာမှ MyNet wifi အင်တာနက်လိုင်းများ ပြန်လည် အသုံးပြုနိုင်ပြီး၊ အလားတူ ယမန်နေ့ ညနေပိုင်းမှလည်း MyTel wifi အင်တာနက်လိုင်းများ ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ဝိုင်းမော်မြို့တွင် နေထိုင်သူ အွန်လိုင်းဈေးသည် မခေါန်လုံက
“ဝိုင်ဖိုင်လိုင်းတွေ ပြန်ရတာ ကောင်းတယ်၊ မိုဘိုင်းအင်တာနက်နဲ့ဆို ဒေတာ ပက်ကေ့ဝယ်ရတာ ၁၀၀၀ဖိုး ၄၅၀MB ဆိုတော့ အဝိုင်းလည်တာနဲ ဘေကုန်ရော သုံးရတာ ငွေကုန်ပြီး အဆင်မပြေဘူး အခုတော့ ဝိုင်ဖိုင်တွေပြန်ရပြီ အလုပ်လုပ်ရတာ အဆင်ပြေပြီ” ဟုပြောသည်။
ထို့အပြင် စားဝတ်နေရေးအတွက် ပြည်ပနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသော သားသမီးများနှင့် အဆက်အသွယ်ပျက်နေသည့် ဒေါ်ဂျီးဂရောင်မှလည်း
“ဝိုင်ဖိုင်လိုင်းတွေ ဖျက်ခံရကတည်းက နိုင်ငံခြားမှာနေတဲ့ သားသမီးတွေနဲ့လည်း လိုင်းကနေ မတွေ့ရတာ တော်တော်ကြာပြီ ခုပြန်တွေ့ရတော့မယ်။ လိုင်းပြန်ရတာ ဝမ်းသာတယ်” ဟု ပြောသည်။
Mytel ဝိုင်ဖိုင် အသုံးပြုသူများအတွက် လိုင်းပြတ်တောက်နေစဉ် ကာလအတွင်း ပေးဆောင်ထားသော လစဉ်ကြေးများအတွက်လည်း သက်တမ်း အစားထိုး သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း Mytel Wifi မိသားစုမှ ဖေ့ဘုတ်အွန်လိုင်းမှတစ်ဆင့် ပြည်သူများထံ အသိပေးစာရေးသားတင်ပြချက်မှ သိရသည်။
ယခုကဲ့သို့ ကချင်ပြည်နယ်အတွင်း အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ရခြင်းမှာ ညီနောင်သုံးဖွဲ့၏ ၁၀၂၇စစ်ဆင်ရေး စတင်လာပြီးနောက် နို၀င်ဘာ ၆ရက်နေ့၌ ကောလင်းမြို့အား ကချင်လွှတ်မြှောက်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်အပြီး ကသာ၊ထီးချိုင့်ဒေသသို့ စစ်ရေးတင်းမာနေခြင်းကြောင့် ဖြစ်သည်။
ယခင်နှစ် နို၀င်ဘာ ၇ရက်နေ့မှစတင်ကာ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်၊ ဖားကန့်၊ မိုးကောင်း၊ မိုးညှင်း နှင့် ချီဖွေ စသည့် ဒေသများအတွင်း ဖုန်းလိုင်းအပါအဝင်၊ ဝိုင်ဖိုင်အင်တာနက်လိုင်းများ ဖြတ်တောက်ခံခဲ့ရအပြီး၊ ယမန်နေ့မှာတော့ ဖုန်းလိုင်းနှင့် ဝိုင်ဖိုင် အင်တာနက်လိုင်းများလည်း ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ခဲ့သည်။
ကချင်ပြည်နယ်အတွင်းရှိ ဒေသခံများမှာ ကြာမြင့်စွာ ဖြတ်တောက်ခံထားရသော အင်တာနက်လိုင်းများ ပြန်လည်အသုံးပြုနိင်သော်လည်း လက်ရှိ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော နှစ်ဖက်စစ်တပ်များ၏ စစ်ရေးတင်းမာမှုများကြောင့် ပြန်လည် ဖြတ်တောက်ခံရမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။
သတင်း - လေပြေ




Comments