top of page

ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့အပါအဝင် အခြားသောမြို့များတွင်လည်း ဖုန်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်

  • Writer: Pajau Media
    Pajau Media
  • Jul 24, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၄ရက်၊ဇူလိုင်၊၂၀၂၄။





ဇူလိုင်လ ၂၁ ရက်နေ့မှ စတင်၍ ယနေ့ထိပင် ကချင်ပြည်နယ်အတွင်းရှိ မြို့များတွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသည်မှာ ၃ရက်တိတိရှိနေပြီး ဖြစ်သည်။ အင်တာနက်လိုင်းများအပြင် ကချင်ပြည်နယ်ရှိ ဖုန်းလိုင်းများဖြစ်သော စစ်တပ်ပိုင် MEC နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပိုင်ဆိုင်သည့် Mytel အပါအဝင် ATOM၊ MPT၊ Ooredoo ဖုန်းလိုင်းများ အားလုံးပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။ မြစ်ကြီးနားမြို့တွင်ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီးနောက်ရက်ပိုင်းအကြာတွင်ဖုန်းလိုင်းနှင့်ဖိုင်ဘာအင်တာနက်လိုင်းအချို့ ပြန်လည်ရရှိခဲ့သော်လည်း ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ကာ ဆက်သွယ်ရေးလိုင်းများအားလုံး ပြန်လည်ပြတ်တောက်သွားခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် ပြတ်တောက်နေသည်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။


ပါဂျောင်သတင်းမှ မြစ်ကြီးနားမြို့နဲ့ အခြားမြို့များဖြစ်သော ဖားကန့်၊ တနိုင်း၊ အင်းတော်ကြီး၊ ပူတာအို စသည် မြို့များရှိ ‌ဒေသခံအချို့ကို ဆက်သွယ်ကြည့်ခဲ့ရမှာလည်း ယနေ့အချိန်ထိပင် အဆက်အသွယ်မရရှိသေးချေ။ နီးစပ်ရာ ကန်ပိုက်တီ ဒေသခံများ၏ ပြောကြားချက်အရ တရုတ်နယ်စပ် ကန်ပိုက်တီမြို့တွင် MPT ဖုန်းလိုင်းပြန်ရနေပြီးဟု ကန်ပိုက်တီဒေသခံ အမျိုးသားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ မြစ်ကြီးနားမြို့တွင် အင်တာနက်လိုင်းနဲ့ ဖုန်းဆက်သွယ်ရေးလိုင်းများ မကြာခဏ ပြတ်တောက်လေ့ရှိပြီး ATOM ဖုန်းလိုင်းပြတ်တောက်နေသည်မှာ သုံးပတ်နီးပါး ရှိလာပြီဖြစ်သည်။ ကချင်ပြည်နယ်၏ မြို့နယ်အတော်များများတွင်လည်း ဖုန်းဆက်သွယ်ရေးလိုင်းများ မကြာခဏ ပြတ်တောက်နေတာကြောင့် အွန်လိုင်းမှတစ်ဆင့် ငွေလွှဲငွေထုတ်ရာတွင် အခက်တွေ့နေကြသည်။


ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ကလည်း မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်တချို့မှာ ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ပါသေးသည်။ စစ်တပ်အာဏာသိမ်းကာလ ၂၀၂၁ မှ ၂၀၂၃ နှစ်ကုန်အထိ မြန်မာနိုင်ငံအတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖျက်တောက်ခံရမှု ၂၄၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ၃၃ ရာခိုင်နှုန်းခန့်မှာ စစ်ကိုင်းတိုင်းက ကြုံတွေ့ခဲ့ရကာ ကချင်ပြည်နယ်မှာ ဒုတိယအများဆုံးဖြစ်ကြောင်း Myanmar Internet Project က ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page