top of page

ကချင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း ကလေးငယ်များ ရေနစ်သေဆုံးမှု ခပ်စိပ်စိပ် ဖြစ်ပေါ်နေ

  • Writer: Pajau Media
    Pajau Media
  • Apr 15, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၅ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်ရှိ ဒေသအချို့များတွင် ယခုရက်ပိုင်းအတွင်း အသက်၁၀နှစ်ဝန်းကျင်ရှိ ကလေးငယ်များ ရေဆင်းချိုးရာမှ မထင်မှတ်ပဲ ရေနှစ်ကာ အသက်သေဆုံးမှုများ မကြာမဏ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။


ယမန်နေ့ ဧပြီလ ၁၄ရက် ညနေ ၄နာရီအချိန်ခန့်တွင် တနိုင်းဒေသ၊ နမ်ဗျူချောင်းတွင် မိန်းကလေးငယ် ၅ဦး ရေဆင်းချိုးရာမှ မတော်တဆ ရေနစ်သေဆုံးမှု ရှိခဲ့သည်။ ထို့အပြင် ရေနစ်သေဆုံးသည့် ကလေးငယ် ၅ဦးအနက် ၄ဦး၏ ရုပ်အလောင်းကိုသာ သယ်ယူနိုင်ခဲ့ပြီး ကျန်မိန်းကလေးငယ်၏ အလောင်းမှာ လက်ရှိအချိန်ထိ ဆက်လက်ရှာဖွေနေဆဲ ဖြစ်ကြောင်း တနိုင်းဒေသခံတစ်ဦးက ပြောသည်။


“နမ်ဗျူချောင်းမှာက ကလေးတွေ အမြဲတမ်း ရေဆင်းချိုးတဲ့ နေရာလေးတော့ ဟုတ်တယ်။ နမ်ဗျူချောင်းက အရင်ကတည်းက ရွှေတူးဖော်စားတဲ့ နေရာဆိုတော့ ရေနှောက်ပြီး ရေရဲ့ အနက်ဘယ်လောက်ထိ နက်တယ် မနက်ဘူးဆိုတာကို မကြည့်တတ်တော့ဘူး။ မိန်းကလေးငယ်တွေက ရေလေး သိပ်မကူးတတ်တော့ ခုလို ‌ရေနစ်သေဆုံးသွားတယ်။ မိန်းကလေးငယ်တစ်ယောက်ရဲ့ ရုပ်အလောင်းကိုတော့ ဆက်ရှာနေဆဲပါပဲ” ဟု တနိုင်းဒေသခံတစ်ဦးက ပါဂျောင်မီဒီယာသို့ ဖြေကြားခဲ့သည်။




ယခုကဲ့သို့ ကလေးငယ်၅ဦး တစ်ပြိုင်နက်ထဲ ‌ရေနစ်သေဆုံးခဲ့သည့် ဖြစ်ရပ်မှာ တနိုင်းဒေသတွင်း ပထမဆုံး ဖြစ်စဉ်ဖြစ်သည့်အပြင် ယခင်များ၌ ရေနစ်သေဆုံးမှုများ မရှိခဲ့ဖူးကြောင်း အထက်ပါ ဒေသခံက ပြောသည်။


အသက်သေဆုံးခဲ့သည့် မိန်းကလေးငယ်များမှာ အသက်(၉)နှစ်အရွယ် မလဖိုင်ဂျာဆိုင်းတောင်၊ အသက်(၁၃)နှစ်အရွယ် မဂျာထွယ်ပန်၊ အသက်(၁၂)အရွယ် မလခရိ ရွယ်အောင်၊ အသက်(၇)နှစ်အရွယ် ပေါမ့်ဂျာဆိုင်းမိုင်နှင့် အသက်(၁၁)နှစ်အရွယ်ရှိသည့် မ လမြာနူးနူးမိုင် ဆိုသူတို့ ဖြစ်ကြောင်း သိရသည်။


ယင်းသေဆုံးသူ မိန်းကလေးငယ်များအနက် အသက်၁၂အရွယ်ရှိသည့် မလခရိရွယ်အောင်၏ ရုပ်အလာင်းမှာ ပျောက်ဆုံးနေသောကြောင့် ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်းနှင့် ယခင်ရက်ဖြစ်သည့် ဧပြီလ ၁၃ရက်နေ့တွင်လည်း အသက်၁၀နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနှစ်သေဆုံးမှု ရှိခဲ့သည်ဟု ဆိုသည်။


ထို့အပြင် ရေနှစ်သေဆုံးခဲ့သည့် မိန်းကလေးငယ်များမှာ ယခင်က တနိုင်းကသလစ် စစ်ရှောင်စခန်းတွင် နေထိုင်ခဲ့ပြီးနောက် လက်ရှိ တနိုင်းဒေသ ငွေပျော်ကျေးရွာသစ်တွင် ရွှေ့ပြောင်းနေထိုင်ကြ‌သော စစ်ရှောင်ကလေးငယ်များ ဖြစ်သည်ဟု ဆိုသည်။


ယခုကဲ့သို့ ဖြစ်စဉ်များမှာ ကချင်ပြည်နယ် အချို့ဒေသများတွင် ယခုရက်ပိုင်းအတွင်း မကြာခဏ ဖြစ်ပေါ်နေလျက်ရှိပြီး မိုးညှင်းမြို့ နမ်ရင်းချောင်းတွင်လည်း ပြီးခဲ့သည့် ဧပြီလ ၁၀ရက်နေ့တွင် အသက်၈နှစ်ဝန်းကျင်အရွယ်ရှိသည့် ကလေးငယ်နှစ်ဦး ရေဆင်းချိုးရာမှ ရေနှစ်သေဆုံးမှု ရှိခဲ့သည် သာမက ဝိုင်းမော်ြမို့ နောင်ကျိန် ညောင်ပင်သာဒေသတွင်လည်း ဧပြီလ ၈ရက်နေ့ တစ်ရက်ထဲတွင် အသက်၁၀နှစ်အရွယ်ရှိသည့် ကလေးငယ် ၃ဦး ရေနှစ်သေဆုံးသည့် ဖြစ်စဉ် ရှိခဲ့ကြောင်း သိရသည်။


သတင်း - ဟူးကောင်း


Comments


Pajau Media

Thanks for subscribing!

bottom of page