ကချင်ပြည်နယ်တွင်(၅)လတာအတွင်း မူးယစ်ဆေးဝါး ကျပ်သန်းပေါင်း(၁၄၅)သန်းကျော်နှင့်ပြစ်မှုကျူးလွန်သူ (၁၂၂)ဦးဖမ်းဆီးခဲ့ကြောင်း ဝန်ကြီးချုပ်ခက်ထိန်နန်ပြော
- Pajau Media
- Jun 27
- 1 min read
ပါဂျောင်မီဒီယာ။
၂၇ရက်၊ဇွန်လ၊၂၀၂၅။
ကချင်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ မေလထိ (၅)လတာအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရာတွင် ကျပ်သန်းပေါင်း (၁၄၅)သန်းကျော်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုကျူးလွန်သူ(၁၂၂)ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယမန်နေ့ ဇွန်လ-၂၆နေ့တွင် ကျရောက်သော (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြောဆိုခဲ့သည်။
အဆိုပါ (၃၈)ကြိမ်မြောက် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးရေး အခမ်းအနားတွင် မီးရှို့ဖျက်ဆီးရန် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အမှုပေါင်း(၁၈၁)မှု၊ တန်ဖိုးငွေ ကျပ်သန်းစုစုပေါင်း(၂၉၅၂.၈) သန်းခန့်အား ကချင်ပြည်နယ်မှ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့များထံသို့ လွှဲပြောင်းအပ်နှံထားကြောင်းလည်း ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဆက်ပြောဆိုခဲ့သည်။
ကချင်ပြည်နယ် နေရာဒေသအသီးသီးတွင် ဒေသဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအစိုးရအဖွဲ့များအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဥ်များကို အရှိန်အဟုန်မြှင့် တိုးမြင့်လုပ်ဆောင်နေကြသော်လည်း မူးယစ်ဆေးဝါးအန္တရာယ်များမှာ ကြီးမားနေဆဲဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုသွားသည်။
ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အမှုပေါင်း (၂၈၈)မှု၊ တန်ဖိုးငွေကျပ်သန်း စုစုပေါင်း(၅,၂၂၇.၃၇၉၃)သန်းခန့်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုကျူးလွန်သူ(၄၀၇) ဦးတို့ကိုလည်း ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။
သတင်း- ဖရိန်း
Comments