top of page

ကချင်ပြည်နယ်၊ ပန်ဝါနယ်စပ်ဂိတ် တရားဝင် ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးသော်လည်း အခွန်ပေးဆောင်ရမည့် နည်းလမ်းအတိုင်း ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ခွင့်ပြုနေ

  • Writer: Pajau Media
    Pajau Media
  • 3 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၁၅ရက်၊ ဇွန်လ၊၂၀၂၅။


ကချင်ပြည်နယ်၊ ပန်ဝါနယ်စပ်ဂိတ် တရားဝင် ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးသော်လည်း စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ကာ မလိုက်နာပါက အခွန်ပေးဆောင်ရမည့် နည်းလမ်းအတိုင်း ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ခွင့်ပြုနေကြောင်း ပန်ဝါဒေသခံများက ပြောသည်။


အဆိုပါ နည်းလမ်းကို ပြီးခဲ့သည့် မေလဒုတိယအပတ်မှစပြီး စတင်ကျင့်သုံး သယ်ယူပို့ဆောင်နေခြင်းဖြစ်ကြောင်းကို ပန်ဝါဒေသခံ အမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ပြောသည်။


“ခုက ဂိတ်ကတရားဝင်ဖွင့်တာ‌တော့ မဟုတ်ဘူး။ ဒါပေမဲ့ ကုန်ပစ္စည်းတွေကိုတော့ ကိုးဗစ်တုန်းက သုံးတဲ့နည်းတွေနဲ့ ပြန်လည်ခွင့်ပြုထားပြီး၊ သယ်ယူပို့ဆောင်ခွင့် ပေးထားတယ်။ ဥပမာ-ကုန်စိမ်းကားနဲ့ ကုန်‌ခြောက်ကားတွေ ခွဲထားသလိုမျိုးပေါ့။ ကုန်စိမ်းကားက ကုန်ခြောက်ပစ္စည်းတွေသယ်ရင် အခွန်ပေးရတယ်။ ပြီးရင် သတ်မှတ်ထားတဲ့ အလေးချိန်ထက် ကျော်ရင်လည်း အခွန်ပေးရတယ်။ ကားခကလည်း စျေးကြီးတယ်” ဟု ပြောသည်။


ဒေသခံများ ပြောပြချက်အရ ယခင် ကိုဗစ်ကာလတွင်လည်း တရုတ်ဘက်မှ ကုန်ကားများကို ကုန်စည်အလိုက်ခွဲခြားသတ်မှတ်ပြီး အခွန်ကောက်ခံသောစနစ်ဖြင့် သယ်ယူပို့ဆောင်ခဲ့ကြောင်း၊ ယခု ဂိတ်တရားဝင် ဖွင့်လှစ်ပေးခြင်း မရှိသော်လည်း အဆိုပါနည်းလမ်းအတိုင်း ခွင့်ပြုထားကြောင်း သိရသည်။


ထို့အပြင် ပန်ဝါနယ်စပ်ဂိတ်မှ ကုန်ပစ္စည်းနှင့် တရုတ်နိုင်ငံသို့ ကျန်းမာရေးအတွက် သွားရောက်စစ်ဆေးကုသသူများကိုသာ ဝင်ထွက်ခွင့်ပြုထားပြီး၊ အခြားလည်ပတ်ခွင့်ကိုတော့ ပိတ်ပင်ထားဆဲဖြစ်ကြောင်းနှင့် KIOအစိုးရမှလည်း ပတ်စပိုစ့်စာအုပ် မလုပ်ပေးသေးကြောင်း ပြောသည်။


“KIO အစိုးရက ဝင်ထွက်ခွင့် ပတ်စပို့စ်လုပ်ပေးမယ်လို့သာပြောတာ ခုချိန်ထိမလုပ်ပေးသေးဘူး။ ခုလောလောဆယ်ထိတော့ ဝင်ထွက်ခွင့်ကို လက်မှတ်နဲ့ဘဲ လုပ်ပေးသေးတာ။ ပြီးရင် လည်ပတ်ခွင့်တော့ မပြုသေးဘူး။ တခြားကုန်ပစ္စည်းတွေနဲ့ ကျန်းမားရေး သွားရောက်ကုသမဲ့သူတွေကိုဘဲ ဝင်ထွက်ခွင့်ပြုတာ “ ဟု အထက်ပါအမျိုးသမီးက ဆက်ပြောသည်၊၊


 ပန်ဝါနယ်စပ်ဂိတ်ကို ယခင်အချိန်များတွင် အကန့်အသတ်ဖြင့် သယ်ယူနိုင်ခဲ့ကြပေမယ့် မေလဒုတိယအပတ်မှစတင်ကာ ကန့်သတ်ခြင်းမရှိဘဲ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ကာ အခွန်ပေးဆောင်သည့် စနစ်ဖြင့် ကျင့်သုံးလာခြင်းဖြစ်ကြောင်း သိရသည်။


အလားတူ KIOက ပြီးခဲ့သည့် မေလ၂၆ရက်နေ့က တရုတ်-မြန်မာနယ်စပ် ကန်ပိုင်တည်မြို့တွင် စုပေါင်းဂိတ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး၊ စုပေါင်းဂိတ်မှ ပို့ကုန်သွင်းကုန်များကို ပြည်ပအခွန်အနေဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် ဆဒုံးဂိတ်မှ တင်သွင်းသည့် ပို့ကုန်များကိုတော့ ပြည်တွင်းအခွန်အဖြစ် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။


KIOထိန်းချုပ်နယ်မြေတွင်ရှိသည့် လိုင်ဇာနှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များကိုလည်း အစားအသောက်နှင့် လူသုံးကန်ုများသာ တင်သွင်းခွင့်ပြုထားခြင်း ဖြစ်သည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page