ကချင်ပြည်နယ်၊ဖားကန့်ဒေသတွင် ဇူလိုင်လ (၁)ရက်နေ့ မှ (၁၀)ရက်နေ့အတွင်း လက်သည်မပေါ်ပဲ သေဆုံးခဲ့ရသည့်အလောင်း (၃)လောင်းအထိရှိလာ
- Pajau Media

- Jul 11, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၁၁ရက်၊ဇူလိုင်လ၊၂၀၂၅။
လက်ရှိစစ်ရေးပြင်းထန်နေသည့် ဖားကန့်ဒေသတွင် ဇူလိုင်(၁)ရက်နေ့မှ (၁၀)ရက်နေ့အတွင်း လက်သည်မပေါ်ပဲ သေနတ်ဖြင့်ပစ်သတ်ခံရသည့် အလောင်း(၃)လောင်းအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုး တိုက်ပွဲဝင်ရောက်လာချိန်ကတည်းက လမ်းမပေါ်တွင် သေနတ်ပစ်သတ်ခံရသည့် ဒဏ်ရာဒဏ်ချက်ဖြင့် အသက်သေဆုံးနေသည့် အလောင်း များပြားလာပြီး၊ ပစ်သတ်ခံရသူ အများဆုံးမှာ အသက်(၃၀)ကျော်မှ (၄၅)နှစ်အတွင်း အများဆုံးဖြစ်ကြောင်း သိရသည်။
ဖားကန့်ဒေသသည် လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုမှ စီမံအုပ်ချုပ်နေသည့် ဒေသဖြစ်သောကြောင့် ယခုကဲ့သို့ ပြည်သူများ ပစ်သတ်ခံရသည့် အမှုအရင်းအမြစ်ကို မသိရသည့်အပြင် မည်သူ့လက်ချက်ဖြစ်သည်ကိုလည်း မစုံစမ်းနိုင်ကြောင်း သိရသည်။
ဖားကန့်-လုံးခင်း၊မှော်စီစာကျေးရွာ SKYဟိုတယ်အရှေ့တွင်လည်း ဇူလိုင်(၁၀)ရက် နေ့လည် (၁)နာရီဝန်းကျင်က အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဦးခေါင်းတွင် သေနတ်ပစ်ခတ်ဒဏ်ရာဖြင့် အသက်သေဆုံးနေပြီး၊ ထိုအမျိုးသားမှာ အချဉ်ပေါင်းရောင်းသူတစ်ဦးဖြစ်ကာ မည်သူ့လက်ချက်ဖြစ်သည်ကို မသိရကြောင်း သိရသည်။
မေလကုန်ပိုင်းမှစ၍ ဖားကန့်မြို့နယ်ကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီးနောက်ပိုင်း အရပ်သားပြည်သူများ တစ်နေ့ထက်တစ်နေ့ ပိုမိုပစ်သတ်ခံလာရသည်ဟုလည်း ဒေသခံများကပြောသည်။
ဒေသသတင်းရင်းမြစ်များ ပြောဆိုချက်အရ ဖားကန့်ဒေသတွင် ဇွန်တစ်လတာအတွင်း ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးနေသည့်အလောင်း (၆)လောင်း၊ လမ်းဘေးတွင် သေနတ်ဖြင့် ပစ်သတ်သေဆုံးနေသည့်အလောင်း(၁၁)လောင်း၊ ရေကန်နှင့် ဉရုချောင်းမှ ဆယ်ယူထားသည့် အလောင်း(၂)လောင်း ရှိခဲ့ကြောင်း သိရသည်။
သတင်း - ပီလမ့်အူ










Comments