ကချင်ပြည်နယ် ဖားကန့်မြို့ကို စစ်ကောင်စီမှ စစ်ကြောင်းထိုးတိုက်ခိုက်လာပြီးနောက် အရပ်သားပြည်သူများ သေဆုံး
- Pajau Media

- Jun 18, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၈ရက်၊ဇွန်လ၊၂၀၂၅။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ကို အပြည့်အဝ ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်လာပြီးနောက် မေလ၂၇ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့အတွင်း ဖားကန့်ဒေသခံ အရပ်သားပြည်သူ (၃၁) ဦးခန့် သေဆုံးခဲ့ကြောင်း Myanmar Now၏ ထုတ်ပြန်ချက်အရ သိရသည်။
သေဆုံးခဲ့ရသည့် ဖားကန့်ဒေသခံ အရပ်သား (၃၁) ဦးထဲမှာ ဖားကန့်မြိုပေါ် စစ်ပွဲအတွင်း (၂၃) ဦး သေဆုံးခဲ့ရပြီး၊ လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံရသူ ၈ ဦးရှိသည့်အပြင် ပြင်းထန်ဒဏ်ရာရရှိခဲ့သူ (၁၈) ဦးအထိ ရှိခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် ဖားကန့်မြို့နယ်ကို ပြန်လည်သိမ်းပိုက်ရန် ဧပြီလ တတိယအပတ်မှစပြီး စစ်အင်အား (၆၀၀)ခန့်ဖြင့် ကားမိုင်းလမ်းအတိုင်း စစ်ကြောင်းထိုး ချီတက်လာရာ လမ်းခရီးတွင် တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်မှုများကြောင့် မေလ ၂၇ရက်နေ့မှ ဖားကန့်မြိုနယ်သို့ ရောက်ရှိလာကာ စစ်ကြောင်းထိုး တိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရသည်။
ထိုနည်းတူ ဖားကန့်မြို့သို့ ရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့များမှာ ဖားကန့်မြို့ပေါ်တွင်သာမက ကျေးရွှာနေရာများနှင့် ကျောက်စိမ်းတူးဖော်ရေး နေရာများထိပါ ပြည်သူများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လက်နတ်ကြီးများပစ်ခတ်ခြင်း၊ နေအိမ်များနှင့် ကျောက်စိမ်းတူးဖော်ရာတွင် အသုံးပြုသော စက်ကရိယာများကို မီးရှို့ဖျက်ဆီးခြင်းများ ဆက်တိုက်ပြုလုပ်လာသည်။
လက်ရှိအချိန်ထိ KIA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီကြား နှစ်ဖက်တိုက်ပွဲ တင်းမာနေသလို စစ်ကောင်စီတပ်များမှ ပစ်ခတ်လိုက်သည့် လက်နတ်ကြီးများကြောင့် လူနေရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲမှုများရှိကာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု နေ့စဥ်ရှိနေသည်ဟု ဆိုသည်။
သတင်း-ဖရိန်း
















Comments