ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ(၁)ပတ်ကျော်ခန့်ရှိလာ
- Pajau Media

- Jul 15, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၁၅ရက်၊ဇူလိုင်လ၊၂၀၂၅။

တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်ဒေသတွင် လျှပ်စစ်မီး ပြတ်တောက်နေသည်မှာ (၁)ပတ်ကျော်လာသည့်အပြင် အချိန်ကြာမြင့်စွာ မီးမရရှိသောကြောင့် ဒေသခံများ နေ့စဉ်လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများစွာ ရှိလာကြောင်း ဖားကန့်ဒေသခံများက ပြောကြားလာသည်။
လျှပ်စစ်ဓာတ်အားပေးကြိုးလိုင်းအပေါ် သစ်ပင်လဲကျပျက်စီးသောကြောင့် မီးပြတ်တောက်သွားခြင်းဖြစ်ပြီး၊ မီးပြတ်တောက်နေသည်မှာ ပြီးခဲ့သည့် ဇူလိုင် ၉ရက်နေ့မှ လက်ရှိအချိန်အထိ မီးမရသေးကြောင်း သိရသည်။
“မီးမရတာက တစ်ပတ်တောင်ကျော်လာပြီ။ လမ်းတစ်နေရာက မီးကြိုးကို သစ်ပင်လဲကျသွားလို့ မီးမရတာလို့ ပြောတယ်။ ဘယ်ချိန်မှရမလဲတော့ မပြောတတ်ဘူး။ အခုက အချိန်ပိုင်းကော မရဘူး။ လုံးဝမရတဲ့အခြေအနေပေါ့။” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် ပျက်စီးသွားသည့် လျှပ်စစ်ဓါတ်အားလိုင်းကို ပြုပြင်နိုင်ရန် သစ်ပင်ဝါးပင် တောရှင်းခုတ်ထွင်မှုများ ပြုလုပ်နေပြီး၊ အချို့ရပ်ကွက်များတွင် အချိန်ခွဲတန်း မီးပေးစနစ်များ ကျင့်သုံးနေကာ၊ အချို့နေရာများမှာတော့ တစ်နေ့လုံး မီးမရသေးကြောင်း သိရသည်။
ထို့အပြင် မဟာဓာတ်အားလိုင်းမှူးရုံးမှ လူအင်အား(၂၅)ဦးခန့်ဖြင့် ဇူလိုင် ၁၃ရက်နေ့မှစတင်ကာ မိုးကောင်းမြို့နယ် (၈)မိုင်လမ်းဆုံအနီးမှ နန့်ယားအထိ သစ်ပင်/ဝါးပင် ခုတ်ထွင်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ESE Hpakantက ဖော်ပြထားသည်။
တစ်ဖက်မှာလည်း ဖားကန့်ဒေသသည် စစ်ကောင်စီနှင့် KIAပူးပေါင်းတပ်ဖွဲ့အကြား စစ်ရေးလှုပ်ရှားမှုများ ပြင်းထန်နေသည့်အပြင် လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုများ နေ့စဉ်ဖြစ်ပွားနေသည့်ဒေသလည်း ဖြစ်သည်။
အလားတူ နမ့်ထွမ်လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း ရေဝင်ပြီး စက်(၃)လုံးပျက်စီးသွားသောကြောင့် ပူတာအိုမြို့နယ်နှင့် မချမ်းဘော့မြို့နယ်မှ ဒေသခံများ မီးမရရှိသည်မှာ (၃)ပတ်နီးပါး ရှိလာပြီဖြစ်သည်။
သတင်း - ဖရိန်း




Comments