top of page

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ထောင်တွင်း ဆူပူမှုကြောင့် အကျဉ်းသား ၁၃ ဦးကို ရာဇသတ်ပုဒ်မကြီးများနှင့်စွဲချက်တင်

  • Writer: Pajau Media
    Pajau Media
  • Aug 13, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၃၊ ၈၊ ၂၀၂၄



ကချင်ပြည်နယ် မြစ်ကြီးနားမြို့ထောင်အတွင်း ဆူပူမှုကြောင့် ထိုဦးဆောင်မှုတွင် ဦးဆောင်ဦးရွက်ပြုလုပ်သူဟု ယူဆသော အကျဉ်းသား ၁၃ ဦးကို ရာဇသတ်ပုဒ်မများဖြင့် ယမန်နေ့တွင် စွဲချက်တင်ခဲ့သည်ဟု သိရပါသည်။


ထိုစွဲချက်များအပြင် အခြားအမှုများလည်း ထပ်မံတိုးလာနိုင်ပြီး မြစ်ကြီးနားတရားရုံးတွင် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။ ဆူပူမှုဖြစ်စဉ်တွင် ဦးဆောင်သည်ဟု ယူဆသောအကျဉ်းသား ၁၃ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၄၅၊ ၁၄၇၊ ၄၃၅ နှင့် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ ၆(၁) တို့ဖြင့်စွဲချက်တင်ခံခဲ့ပြီး ယမန်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့သည်ဟု နီးစပ်ရာဒေသခံတစ်ဦးက ပါဂျောင်မီဒီယာကို ပြောပါသည်။


အဆိုပါ အကျဉ်းသား ၁၃ ဦးတွင် နိုင်ငံရေးအကျဉ်းသားများလည်းပါဝင်ပြီး အနည်းဆုံး ပြစ်ဒဏ် ၅ နှစ်မှ နှစ် ၄၀ အထိပြစ်ဒဏ်ချမှတ်ခံထားရသူများ လည်းပါဝင်ပါသည်။ထောင်တွင်းဆူပူမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးဆောင်ပါဝင်သည်ဟုစွပ်စွဲခံထားရသည့် အကျဉ်းသား ၁၃ ဦးကို လာမည့် ဩဂုတ်လ ၁၉ ရက်နေ့တွင် ထပ်မံ ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။


မြန်မာ့နှစ်သစ်ကူး ဧပြီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီကပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် ပွင့်လင်းမြင်သာမှု မရှိသောကြောင့်ဟုဆိုကာ ဧပြီလ ၁၈ ရက်နေ့က မြစ်ကြီးနားထောင်အတွင်း ဆန္ဒပြမှုများ ဖြစ်ပွါးခဲ့ပါသည်။ ထိုဆန္ဒပြမှုကို ထောင်အာဏာပိုင်များက အင်အား၇၀ ခန့် အသုံးပြုကာ သေနတ်ဖြင့်အကြမ်းဖက် ဖြိုခွင်းခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၁ ဦး အပါအဝင် အကျဉ်းသား ၄ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


ထိုအကြမ်ဖက်ဖြိုခွင်းမှုကို အဓိက တာဝန်ယူသူများက တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ ဝန်ထမ်းအဆင့်သာရှိသော ဝန်ထမ်း ၁၃ ဦးကို လွန်ခဲ့သော မေလတွင် ထောင်ဒဏ် ၆ လမှ ၃နှစ်အထိ အသီးသီးချမှတ်ကာ အရေးယူခိုင်း ဆောင်ရွက်စေခဲ့သည်။


လက်ရှိတွင် မြစ်ကြီးနားအကျဉ်းထောင်တွင် ရဲများ၊ စစ်သားများနှင့် အကျဉ်းဦးစီးဌာနမှ လုံခြုံရေးတင်းကျပ်ထားမှုကြောင့် သတင်းအမှောင်ချခံထားနေရဆဲပင်ဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page