top of page

ကချင်ပြည်နယ်ရှိ ပူတာအို၊ လန်ဆယ်ဒေသများတွင် မိုးများပြီး၊ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေ

  • Writer: Pajau Media
    Pajau Media
  • Jul 9, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၉ရက်၊ဇူလိုင်လ၊၂၀၂၅။


ကချင်ပြည်နယ်၏ မြောက်ပိုင်းဒေသဖြစ်သည့် ပူတာအို၊လန်ဆယ် စသည့်ဒေသများတွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေပြီး၊ ရေကြီးရေလျှံဖြစ်ကာ အသေးစားတောင်ပြိုမှုပါ မကြာခဏ ဖြစ်ပေါ်နေကြောင်း သိရသည်။


“အခုတလော မိုးတွေအဆက်မပြတ် ပြန်ရွာနေလို့ တောင်ပေါ်ဒေသဖြစ်တဲ့ ပူတာအို၊ လန်ဆယ်ဘက်တို့၊ ပြီးတော့ ဖီမော်၊ပန်ဝါ လမ်းပိုင်းနေရာတွေမှာ တောင်တွေလမ်းတွေ ပြိုနေတာ မကြာခဏ ဖြစ်နေတယ်” လို့ လန်ဆယ်ဒေသခံတစ်ဦးက ပြောသည်။


ဇူလိုင်လဆန်းပိုင်းမှစ၍ ပူတာအိုဒေသဘက် နေ့စဉ်မိုးဆက်တိုက်ရွာသွန်းနေပြီး၊ ရေကြီးရေလျှံမှုများ ကျေးရွာ၊ရပ်ကွက်ထဲထိ ဝင်ရောက်လာကာ လက်ရှိအချိန်ထိလည်း ဆက်တိုက်ရွာသွန်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။


ထို့အပြင် ဖားကန့်ဒေသ လုံးခင်းကျောက်ဝိုင်းဘက်လည်း မိုးများသော‌ကြောင့် တမြန်နေ့မှစ၍ ရေစတင်ဝင်ရောက်လာကာ ရေကြီးရေလျှံမှု ဖြစ်နေသည်ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။


“ခုဒီဖားကန့် လုံးခင်းကျောက်ဝိုင်းဘက်မှာဆို မိုးကဆက်တိုက်ရွာနေလို့ မနေ့တနေ့ကစပြီး ရေတွေတက်လာပြီ။ ရပ်ကွက်ထဲထိ ရေစဝင်နေပြီ။ ဒီတိုင်းဆက်တိုက်ရွာနေရင်တော့ ရေဒီထက်ကြီးလာနိုင်တယ်။” ဟု ပြောသည်။


တစ်ဖက်မှာလည်း ဖားကန့်၊ဖားပြင်စက်လှေဂိတ်နေရာတွင် ရေမြင့်တက်လာသောကြောင့် စက်လှေဂိတ် ကူးမရသည့်အခြေအနေဖြစ်နေသည်ဟု ထပ်မံသိရသည်။


ကချင်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းကလည်း မြစ်ကြီးနားမြေနိမ့်ရပ်ကွက်များနှင့် ချီဖွေဒေသ စသည့်နေရာများတွင် ရေကြီးရေလျှံမှု ဖြစ်ခဲ့သည့်အပြင် ယခုတစ်ခါ မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့်လည်း ရေကြီးရေလျှံမှုထပ်မံ ဖြစ်လာမည်ကို စိုးရိမ်နေကြကြောင်းနှင့် မြစ်ကြီးနားမြစ်ရေမှာ စိုးရိမ်ရေအမှတ် ၁၂၀၀စင်တီမီတာသို့ ရောက်ရှိရန် (၅၀၉)စင်တီမီတာ (၁၆)ပေခွဲကျော်ခန့်အလိုတွင် ရောက်ရှိနေကြောင်းသိရသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page