top of page

ကချင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီမှ စစ်မှုထမ်း လူငယ်စာရင်းများ စတင်ကောက်ယူ

  • Writer: Pajau Media
    Pajau Media
  • Mar 19, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၉ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့၊ မိုးညှင်းမြို့ အပါအဝင် အချို့မြို့များတွင်လည်း စစ်ကောင်စီမှ လူငယ်များစစ်မှုထမ်းရန် လူဦးရေစာရင်းကောက်ခံခြင်းနှင့် စစ်မှုထမ်းဆင့်ခေါ်စာပေးပို့ခြင်း စသည့် လုပ်ဆောင်ချက်များ စတင်လုပ်ဆောင်လာနေသည်ဟု မြို့ခံများပြောပြချက်အရ သိရသည်။


မိုးညှင်းမြို့ခံ ရပ်မိရပ်ဖတစ်ဦးက "မနေ့က မနက်၁၀နာရီလောက်မှာ နားခါအုပ်ချုပ်ရေးမှူးရုံးထဲ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးတွေ စုပြီး အစည်းအဝေးလုပ်ကြတယ်။ အစည်းအဝေးမှာ စစ်မှုထမ်းဖို့အတွက် လူဦးရေစာရင်းပြုစုဖို့ရယ်၊ ဆင့်ခေါ်စာပို့ဖို့ရယ် ဆွေးနွေးကြတယ်။” ဟု ပြောသည်။


ထို့အပြင် မြစ်ကြီးနားမြို့ရှိ မြေမြင့်ရပ်ကွက်ရုံးနှင့် မြို့သစ်ကြီးရပ်ကွက်ရုံးမှလည်း စစ်မှုထမ်းရန် ဆင့်ခေါ်စာများ ပေးပို့လာသည်ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။


ရပ်ကွက်ရုံးမှ ဆင့်ခေါ်လာသော ပေးပို့စာထဲတွင် “ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်းရန် အသက်အရွယ်ပြည့်မြောက်ပြီးသူဖြစ်သဖြင့် စစ်မှုထမ်းရန် အသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန်အတွက် ယနေ့ မတ်လ ၁၉ရက်နေ့တွင် မြို့သစ်ကြီး ရပ်ကွက်ရုံးနေရာသို့ မပျက်မကွက် သတင်းပို့ရမည်။” ဟု ရေးသားကာ ပေးပို့လာသည်ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။


ပေးပို့စာထဲတွင် “နိုင်ငံသား စီစစ်ရေးကဒ်အမှတ်အသားအား မပျက်မကွက် ယူဆောင်လာရမည်ဖြစ်ပြီး ပျက်ကွက်ခဲ့ပါက ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အရေးယူခံရနိုင်ကြောင်း” ထပ်မံပြောဆိုထားသည်ဟု ဆိုသည်။


ဖောင်တင်ထားသူ ပမ္မတီးရပ်ကွက်မှ လူငယ်တစ်ဦးက “ဖောင်တော့တင်ထားလိုက်ပြီ၊ ကျနော့်အမေက မပြောမဆိုနဲ့ လုပ်လိုက်တာ” ဟု ထပ်မံပြောဆိုထားသည်။


စစ်ကောင်စီက မတ်လ ၁၇ရက်နေ့မှစ၍ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့များတွင် စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် စစ်မှုထမ်းရန် ဆင့်ခေါ်စာပေးပို့ပြီး စာရင်းများ ကောက်ယူနေပြီ ဖြစ်သည်။


လူငယ်များ စစ်မှုထမ်းရန်အတွက် ဧပြီလ‌မှသာ ဆင့်ခေါ်မည်ဟု စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်မင်းထွန်းမှ သတင်းတွင် ထုတ်ပြန်ထားသော်လည်း ယခုကဲ့သို့ မြန်ဆန်စွာ အကောင်အထည် ဖော်လာမည်ကိုလဲ ကြိုတင်တွက်ဆထားမိကြောင်း မြို့ခံများက ပြောသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page