ကချင်ပြည်နယ်ရှိ ရေဘေးတိမ်းရှောင်ခဲ့ကြရသည့်ထောင်နှင့်ချီသောပြည်သူများ အထောက်အပံ့များစွာလိုအပ်နေ
- Pajau Media
- 2 days ago
- 1 min read
ပါဂျောင်မီဒီယာ။
၃ရက်၊ဇွန်လ၊၂၀၂၅။
မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် တောင်ကျရေနှင့် မြစ်ရေကြီးလာသဖြင့် ရေဘေးတိမ်းရှောင်ခဲ့ကြရသည့် ကချင်ပြည်နယ်ရှိ ဒေသခံထောင်ချီအတွက် နေစရာ၊အခြေခံစားသောက်ကုန်၊လူသုံးကုန်နှင့် သောက်ရေသန့်များ အရေးတကြီး ကူညီထောက်ပံ့ရန် လိုအပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ၃၁ရက်နေ့ကတည်းက မိုးသည်းထန်စွာရွာသွန်းပြီး မေခမြစ်ရေကြီးလာသောကြောင့် ချီဖွေကျေးရွာမှ စစ်ရှောင်အိမ်ခြေ(၁၂၅)နှင့် ချီဖွေကျေးရွာမှ ဒေသခံအိမ်ခြေ(၄၂)တို့မှာ ရေစီးတွင် မျောပါပျက်စီးသွားခဲ့ရသည့်အပြင် လက်ရှိတွင် ပြည်သူ(၈၅၇)ဦးတို့အတွက် အကူအညီများအရေးတကြီး ကူညီထောက်ပံ့ရန် လိုအပ်နေကြသည်။
ထို့အပြင် စစ်ဘေးကြောင့် ဝိုင်းမော်မြို့ နောင်းချိန်းကျေးရွာနှင့် လဘန်ကျေးရွာတို့ ထွက်ပြေးခိုလှုံခဲ့ကြသည့် လူဦးရေ(၁၀၀၀)ကျော်အတွက်လည်း အစားအသောက်နှင့် သောက်ရေသန့်များ လိုအပ်နေကြသည်ဟု ဆိုသည်။
နောင်းချိန်းကျေးရွာရှိ စစ်ရှောင်စခန်း(၄)ခု၊ ဒေသခံ အိမ်ခြေ(၆၀)နီးပါးနှင့် လဘန်ကျေးရွာမှ စစ်ရှောင်စခန်း(၁)ခု အစရှိသောနေရာများတွင်နေထိုင်သူများမှာလည်း ရေဘေးကြောင့် ပြောင်းရွှေ့နေထိုင်ကြရကြောင်း သိရသည်။
တစ်ဖက်ကမ်း မြစ်ကြီးနားမြို့အတွင်းရှိ ဇီးလွန်ဒေသခံများနှင့် စစ်ရှောင် အိမ်ခြေစုစုပေါင်း (၁၄၂)တို့အတွက်လည်း လက်ရှိ ဇီးလွန်အသင်းတော်နေရာများတွင် နေရာချပေးကာ အသင်းတော်မှ တာဝန်ယူကြည့်ရှု့ပေးနေသော်လည်း အကူအညီများစွာ လိုအပ်နေဆဲ ဖြစ်သည်ဟု ဆိုသည်။
တစ်ဖက်မှာလည်း မြစ်ကြီးနား မြေနိမ့်ပိုင်းရပ်ကွက်မှ ရေဝင်ရောက်သည့် နေအိမ်အများစုလည်း ရေဘေးဒုက္ခခံစားနေရပြီး၊ နေအိမ်အပျက်အစီးများစွာ ကြုံတွေ့နေရသောကြောင့် ကူညီထောက်ပံ့ပေးရန် လိုအပ်သည်ဟု ပြောသည်။
ယခင်ကတည်းက စားဝတ်နေရေး ခက်ခဲကြသည့် စစ်ရှောင်များနှင့် ဒေသခံပြည်သူများမှာ ရေဘေးကြောင့် ပိုမိုခက်ခဲလာပြီး အကူအညီများ လိုအပ်နေခြင်းဖြစ်သည်ဟုလည်း စခန်းတာဝန်ခံများက ပြောသည်။
စိုးရိမ်ရေအမှတ် ၁၂၀၅စင်တီမီတာအထိ ရောက်ရှိခဲ့သည့် မြစ်ရေမှာ ယနေ့ ဇွန်လ၃ရက် နေ့လည်၁၂နာရီ၃၀မိနစ်အချိန် တိုင်းတာချက်အရ ၉၇၇စင်တီမီတာသို့ ကျဆင်းသွားခဲ့ပြီး၊ ဧရာဝတီမြစ်ရေမှာ နာရီဝက်လျှင် ၅စင်တီမီတာနှုန်းဖြင့် ပြန်လည်ကျဆင်းလျက်ရှိနေကြောင်းလည်း ဇလဗေဒမှူးက ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၄ခုနှစ်တွင်လည်း စိုးရိမ်ရေအမှတ် ၁၄၀၀ကျော်အထက်ရောက်ရှိကာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် ဒေသခံနှင့် စစ်ရှောင်ပြည်သူအများအပြား ရေဘေးဒုက္ခ ခံစားခဲ့ရသေးသည်။
သတင်း - ထုဆိုင်း
Comentarios