top of page

ကချင်ပြည်နယ်အတွင်း ဖုန်း၊အင်တာနက်လိုင်းများ ပိတ်ပင်ထားခဲ့တာ နှစ်လတိတိ ရောက်ရှိနေပေမယ့် ပြန်လည်ဖွင့်လှစ်ပေးခြင်း မရှိသေး

  • Writer: Pajau Media
    Pajau Media
  • Sep 21, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊စက်တင်ဘာ၊၂၀၂၄။



အာဏာရစစ်အစိုးရမှ ကချင်ပြည်နယ်အတွင်း ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့သည်မှာ ယနေ့စက်တင်ဘာ ၂၁ရက်နေ့တွင် နှစ်လအတိ ကြာမြင့်နေပြီ ဖြစ်သည်။


ယခုကဲ့သို့ အင်တာနက်၊ ဖုန်းလိုင်းများ အားလုံး ပြတ်တောက်ခဲ့ပြီးနောက် ထူးခြားချက်က ကချင်ပြည်နယ် မြို့နယ်အသီးသီးမှာ ထိတွေ့တိုက်ပွဲများ နေ့စဉ်ပြင်းထန်နေခဲ့သည့်အပြင် အွန်လိုင်းဖြင့် စီးပွားရှာသူများနှင့် ပညာသင်ကြားသူများလည်း ခက်ခဲသွားခဲ့တာဟာ ယနေ့အချိန်ထိ ဖြစ်သည်။


လက်ရှိ မြစ်ကြီးနားမြို့တွင်း MPT ဖုန်းလိုင်းကို နေရာဒေသအလိုက် ရရှိနေပေမယ့် ခက်ခက်ခဲခဲ ကြိုးစားဆက်သွယ်ကြရဆဲ ဖြစ်ပြီး၊ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့်လည်း သွားလာရေးအတွက် မလုံခြုံလာသည့်အပြင် ဆက်သွယ်ရေးကိုပါ ပိတ်ပင်ထားသောကြောင့် ပြည်သူများမှာ ဆက်သွယ်ရေးကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးဖို့ မျော်လင့်နေကြသည်။


KIA ပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ပွဲများ ဆင်နွှဲခဲ့ပြီးနောက် စစ်ပြေးတိမ်းရှောင်လာသူ ပြည်သူများလည်း နေ့စဉ်နေ့တိုင်း လူဦးရေတိုးပွားလာခဲ့သည်။ ထို့အပြင် အဆက်အသွယ် ပြတ်တောက်ခဲ့သောကြောင့် အကူအညီများ မရောက်တော့ပဲ စစ်ရှောင်စခန်းတိုင်း ယခင်ထက် ပိုမိုခက်ခဲလာကြသည်။


အဆက်အသွယ်များ မရရှိသည့်အပြင် ပြီးခဲ့သည့် ဇူလှိုင်လလယ်ပိုင်းကစပြီး မြစ်ကြီးနား-မန္တလေးသွား ကားလမ်းကိုပါ ထပ်မံပိတ်ပင်ထားသောကြောင့် ကုန်ပစ္စည်းဈေးနှုန်းများလည်း တစ်ဟုန်ထိုးမြင့်တက်သွားခဲ့ပြီး ကုန်ပစ္စည်းရှားပါးသည့် အခက်အခဲလည်း ရှိခဲ့သည်။


အင်တာနက်လိုင်းပြတ်တောက်ပြီးနောက် မြစ်ကြီးနားမြို့နှင့် ဖားကန့်ဒေသအတွင်း IP Star နှင့်Star Link များကို အသုံးပြုသည့် နေရာများတွင် တစ်နာရီနှစ်သောင်းကျပ်နှုန်းဖြင့် အသုံးပြုနိုင်ပေမယ့် ပိုင်ရှင်များမဟုတ်ပဲ လာရောက်အသုံးပြုသည့် ပြည်သူများကို စစ်တပ်မှ စစ်ဆေးဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်းလည်း သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page