ကချင်ပြည်နယ်အတွင်းရှိ မြို့တစ်ချို့မှာ Mytel ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများပြန်ဖွင့်
- Pajau Media

- Jul 7, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၇ရက်၊ဇူလိုင်၊၂၀၂၅။

ကချင်ပြည်နယ် အတွင်းရှိ မြစ်ကြီးနား- နမ္မတီး- မိုးကောင်း- မိုးညှင်း- ဟိုပင် အစရှိတဲ့မြို့တွေမှာလွန်ခဲ့တဲ့ ဇွန်လနောက်ဆုံးအပတ်ကနေစပြီး Mytel ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ ပြန်ရလာတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
"နမ္မတီး မှာတော့ ဇွန်လ ၂၃ရက်ကတည်းက Mytel ဖုန်းလိုင်း ပြန်မိတယ်လို့ကြားတာပဲ ရက်တော့ သေချာမမှတ်မိတော့ဘူး"လို့ဒေသခံတစ်ယောက်က ပြောပါတယ်။
"Mytel ဖုန်းလိုင်းပြန်မိတယ်လို့တော့ပြောတာပဲ..ကျနော်က Mytel မသုံးဘူး....လိုင်းမိတယ်ဆိုရင်လဲမသုံးဘူး"လို့မိုးကောင်းမြို့ဒေသခံတစ်ဦးကလည်းထပ်မံပြောပါတယ်။
"မိုးကောင်းမှာ Mytel မိနေတာ (၁)ပတ်ကျော်လာပြီ..အင်တာနက်အသုံးပြုချင်တယ်ဆိုရင်တော့ သူတို့(Mytel) VPN ဝယ်သုံးရတယ်။ ပြီးတော့ VPN လစဥ်ကြေးက ၁၀၀၀၀-၁၅၀၀၀ ပေးရတယ်လို့ပြောတယ်" ဆိုပြီးအဆိုပါဒေသခံ ကပြောပါတယ်။
"ကျွန်တော်က အခုတလော Mytel သုံးဖြစ်နေတယ်..ဘာကြောင့်လဲဆိုတော့ ဟိုပင်မြို့ထိ ဆီသွားသယ်ရတော့ Mytel တစ်ကဒ်တည်း မိုးညှင်းတို့..ဟိုပင်တို့မှာမိသာကိုး..တစ်ခြား Operators တွေကနေရာ ရွေးပြီးဆက်နေရတာ" ဆိုပြီး ဆီသယ်နေတဲ့ကယ်ရီသမားတစ်ယောက်က ပြောပါတယ်။
မန္တလေး- မြစ်ကြီးနား ပြည်ထောင်စုကားလမ်းတစ်လျှောက် သွားလာနေကြတဲ့ ခရီးသွားများနဲ့ ဒေသခံတစ်ချို့မှာ Mytel ဖုန်းလိုင်းကို အဓိကထား သုံးစွဲသူများရှိလာသလို၊ စစ်ကောင်စီပိုင် Operator ဖြစ်နေတဲ့အတွက်ကြောင့် အသုံးမပြုသူများလည်းရှိနေသေးကြောင်း သိရပါတယ်။
ရေးသူ- ထိန်နိုင်




Comments