top of page

ကချင်ပြည်နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးနေသောကြောင့် သွားလာရေးခက်ခဲလာပြီး ကားခများလည်း ဈေးတက်လာ

  • Writer: Pajau Media
    Pajau Media
  • Jun 12, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၂ရက်၊ဇွန်လ၊၂၀၂၅။




ကချင်ပြည်နယ်တွင် ဇွန်လ ပထမအပတ်မှစပြီး လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးနေသောကြောင့် ကားဆရာများနှင့် ခရီးသွားပြည်သူများ သွားလာရေးခက်ခဲလာပြီး၊ ကားခလည်း ဈေးတက်လာကြောင်း သိရသည်။


"လိုင်စင်မဲ့မော်တော်ယာဉ်တွေကိုဖမ်းတော့ ကားလမ်းပါ်မှာ ကားအသွားအလာနည်းသွားတယ်၊ စစ်တပ်ဂိတ်၊ ရဲဂိတ်၊ ပြည်သူ့စစ်ဂိတ်တွေမှာ ကားသေးတစီးကို တဂိတ်(၅၀၀၀)ကောက်လာတယ်၊ အရင်က တဂိတ်ကို (၂၀၀၀/၃၀၀၀)ဘဲပေးရတာ၊ အဲ့ဒါကြောင့်ကားခတွေကို တိုးယူရတာ။ “လိုင်စင်မဲ့သာ ဖမ်းမယ်ဆိုရင် တနိုင်ငံလုံးဖမ်းယုံပေါ့။ အစိုးရဝန်ထမ်းတွေလဲ လိုင်စင်မဲ့ဘဲ စီးနေကျတာကို၊ လိုင်စင်မဲ့ဖမ်းမယ်လို့ ကြေငြာတဲ့ ကားတောင်လိုင်စင်မှမရှိဘဲ။” ဟု မြစ်ကြီးနား-မိုးညှင်း‌ပြေးဆွဲသည့် ကားသမားတဦးက ပြောသည်။


ကားသမားများ ပြောပြချက်အရ မန္တလေး-စစ်ကိုင်းတိုင်းအကြားရှိ စစ်တပ်ဂိတ်၊ပြည်သူ့စစ်ဂိတ်၊ ရဲဂိတ်များတွင် ဂိတ်ကြေးပေးဆောင်ရပြီး၊ စစ်ကိုင်းနှင့်ကချင်ပြည်နယ်အစပ်နားအထိသာ ဂိတ်ကြေးမပေးရကြောင်းနှင့် နန့်စီးအောင်ဂိတ်မှ မြစ်ကြီးနားမြို့ရောက်သည့်အထိ ဂိတ်ကြေးအများဆုံး ပေးဆောင်ရကြောင်း သိရသည်။

တစ်ဖက်မှာလည်း မြစ်ကြီးနားမြို့မှ မိုးညှင်းမြို့သို့ သွားလာသည့် ကားခမှာ (၇၀၀၀၀)ကျပ်အထိ ဖြစ်လာပြီး၊ ယခင်က ၁၅၀၀၀ကျပ်သာ ရှိသည့် ကားလမ်းဖြစ်သည်ဟုလည်း ဆိုသည်။


"မြစ်ကြီးနား- မိုးညှင်းကို ကားခက (၇၀၀၀၀ )ကျပ်ဖြစ်သွားတယ်၊ အာဏာမသိမ်းခင်က မြစ်ကြီးနား- မိုးညှင်း ကားခ (၁၅၀၀၀)ဘဲရှိတာ၊ တစထက်တစ ကားခတွေက တက်လာတော့ ခရီးသွားပြည်သူတွေ တော်တော်လေး အခက်ခဲဖြစ်တာပေါ့။ လူကိုယ်တိုင်မသွားရင်လဲ ဖုန်းလိုင်းမရတော့အဆင်မပြေဘူး၊ လူကိုယ်တိုင်သွားတော့လဲ ကားခတွေက မတရားဈေးကြီးဆိုတော့ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေဘူး‌" ဟု ခရီးသွားအမျိုးသမီးတစ်ဦးက ပြောသည်။


လတ်တလော ကချင်ပြည်နယ်အတွင်း လိုင်စင်မဲ့ကား၊ ဆိုင်ကယ်များကို အဖမ်းအဆီးများသောကြောင့် လယ်သမားများ၊ ကျောင်းကြိုကျောင်းပို့ မိဘများ၊ ခရီးသွားပြည်သူများ အစရှိသည့် မော်တော်ယာဉ်အသုံးပြုသူ ဒေသခံများမှာ အဖက်ဖက်မှ အခက်အခဲ ကြုံနေရခြင်းဖြစ်ကြောင်း သိရသည်။


ကချင်ပြည်နယ်အတွင်း အဖမ်းအဆီးများနေသည့် မြို့များမှာ မြစ်ကြီးနားမြို့အပြင် မိုးညှင်း၊ မိုးကောင်း၊ နမ္မတီးမြို့နှင့် အခြားမြို့များတွင်လည်း ဖမ်းဆီးနေပြီး၊ အဝေးပြေးကားလမ်းအတွင်း ပြေးဆွဲနေသည့် လိုင်စင်မဲ့ကားများကိုလည်း ဖမ်းဆီးစစ်ဆေးနေသောကြောင့် ခရီးသွားပြည်သူများ ခက်ခဲနေကြခြင်းဖြစ်သည်ဟု ဆိုသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page