top of page

ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) နှင့် စစ်ကောင်စီတပ်တို့၏ ထိတွေ့တိုက်ပွဲများကြောင့် မြိုင်ရွာခံများလုံခြုံရေးစိုးရိမ်နေရ

  • Writer: Pajau Media
    Pajau Media
  • Jan 22, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၂ရက်၊ဇန္နဝါရီ၊၂၀၂၅။



ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စုရှိ မြိုင်ရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီနှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး‌နောက် စစ်ကောင်စီ၏အမြောက်တပ်မှ လက်နက်ကြီးများဖြင့် တစ်ညလုံး အဆက်မပြတ်ပစ်ခတ်နေခြင်းကြောင့် မြို့ခံပြည်သူများ စိုးရိမ်နေကြရကြောင်း သိရသည်။


"တိုက်ပွဲဖြစ်ပွားပြီး စစ်သားတွေနဲ့ ရှမ်းနီပြည်သူ့စစ် အင်အား၅၀လောက် ကားဂိတ်ကနေဖြတ်ပြီး အင်အားထပ်ဖြည့်ဖို့ တက်သွားကြတာ၊ သူတို့တက်သွားတဲ့အချိန်ကစပြီး နန်းမားအမြောက်တပ်ကနေ လက်နက်ကြီးနဲ့ အဆက်မပြတ်ထုတော့တာဘဲ၊ တစ်ညလုံး လက်နက်ကြီးပစ်လိုက် နားလိုက်နဲ့ အိမ်ပေါ်ကိုကျလာမှာစိုးလို့ ညဆိုကောင်း‌ကောင်းမအိပ်ရဲဘူး။” ဟု ထန်းတပင်ဒေသခံတစ်ဦးက ပြောသည်။


ပြီးခဲ့သည့် တစ်ပတ်အတွင်း မိုးညှင်းမြို့အနီးတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ နန်းမားအမြောက်တပ်မှ လက်နက်ကြီးများဖြင့် တစ်ညလုံး အဆက်မပြတ်ပစ်ခတ်နေခြင်းဖြစ်ပြီး၊ ထန်းတပင်‌ကျေးရွာတွင် PDFများ ဖြတ်သန်းသွားနေသည်ဟု သတင်းရရှိသောကြောင့် စစ်တပ်က ထန်းတပင်ရွာလမ်းများအား ပိတ်ဆို့လိုက်ပြီး PDFများ အဝင်အထွက်လုပ်နိုင်သည့် မြိုင်ရွာတွင် ကင်းပုန်းဝပ်နေစဉ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောပြချက်အရ သိရသည်။


ထို့အပြင် မိုးညှင်းမြို့တွင် စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ်များမှ အကြောင်းမဲ့ သေနတ်ပစ်ဖောက်ခြင်းများ ညစဉ်ပြုလုပ်နေပြီး၊ ည၇နာရီနောက်ပိုင်း စုဆောင်းရေးဆွဲမည့်အကြောင်းလည်း စစ်တပ်အတွင်းသတင်းမှ ကြားနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။


ဇန်နဝါရီ ၁၂ရက်နေ့တွင်လည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် အာလဝီကုန်းရပ်ကွက် မိန်းလမ်းပါ်မှ လူနေအိမ်ပေါ်တွင် ကျရောက်ပေါက်ကွဲပြီး အသက်သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး ဒါဏ်ရာရရှိကာ၊ အိမ်နံရံများ ပျက်စီးခဲ့ရသေးသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page