top of page

ကချင်အထူးဒေသ(၁)ရှိ နယ်ခြားစောင့်တပ်ရင်း ၃ခုစလုံးအား KIA မှတိုက်ခိုက်သိမ်းပိုက်

  • Writer: Pajau Media
    Pajau Media
  • Nov 4, 2024
  • 1 min read

ပါဂျောင်မီီဒီယာ။

၄ရက်၊နိုဝင်ဘာ၊၂၀၂၄။




ကချင်အထူးဒေသ(၁)ရှိ နယ်ခြားစောင့်တပ် အမှတ်၁၀၀၁၊၁၀၀၂နှင့် ၁၀၀၃တပ်ရင်း ၃ခုစလုံးအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်သည့်အပြင် လက်ရှိမှာတော့ မြန်မာ-တရုတ် နယ်စပ်မြို့ဖြစ်သည့် ကံပိုင်တည်မြို့တစ်မြို့သာ ကျန်ရှိတော့သည်ဟု ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။


ကချင်အထူးဒေသ(၁)မှ နောက်ဆုံးကျန်ရှိနေသည့် ဖီမှော်မြို့အခြေစိုက် နယ်ခြားစောင့်တပ် အမှတ်၁၀၀၁ တပ်ရင်းကို အောက်တိုဘာလ ၃၁ရက်နေ့တွင် KIAပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။


ထို့နောက် ဖီမှော်သွားလမ်းရှိ စစ်ကောင်စီတပ် ခလရ(၂၉၈)အောက်ရှိ တပ်စခန်းကို သိမ်းပိုက်ပြီးနောက် နိုဝင်ဘာ၂ရက်နေ့ ညနေပိုင်းအချိန်တွင် ဖီမှော်တစ်မြို့လုံးကို KIAက ဆက်လက်တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း သိရသည်။


ဒေသခံများ ပြောဆိုချက်အရ မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သည့် ကံပိုင်တည်မြို့ကို မတိုက်ခိုက်ရန် တရုတ်ဘက်မှ KIAကို ဖိအားပေးမှုများ ရှိနေခြင်းကြောင့် KIAဘက်မှလည်း ကံပိုင်တည်မြို့ကို မတိုက်ခိုက်သေးပဲ စစ်ရေးတင်းမာနေသည့် အခြေအနေတွင်သာရှိနေသည်ဟုဆိုသည်။



ထို့အပြင် တစ်ဖက်မှာလည်း ကံပိုင်တည်မြို့တွင်တပ်စွဲထားသော စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များက KIA ရှိသည့်ဘက်သို့ စစ်ကြောင်းထိုး လှုပ်ရှားမှုများ တစ်ဖန်လုပ်ဆောင်လာသောကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေပြီး၊ ကံပိုင်တည်မြို့ရှိ ပြည်သူ့စစ်များက တပ်သားစုဆောင်းခြင်းများပါ လုပ်ဆောင်နေသည်ဟု ဆိုသည်။


“ပန်ဝါတို့၊ ချီဖွေတို့ အခုတလော လက်လွှတ်ခဲ့ရတဲ့ နေရာအားလုံးက စစ်သားတွေက အခုကံပိုင်တည်မှာ အားလုံးလာစုနေကြတဲ့ သဘောရှိနေတယ်။ စစ်တပ်က ရဟတ်ယာဉ်နဲ့ အင်အားလာဖြည့်တာတွေလဲရှိတယ်။ ပြီးရင် ပြည်သူ့စစ်တွေကလည်း တပ်သားစုဆောင်းတာတွေ လုပ်ဆောင်နေတယ်လို့ ကြားတယ်။အခု ကံပိုင်တည်မှာက စစ်တပ်အင်အား တော်တော်စုဆောင်းနေသလိုပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။


ကချင်လွှတ်လပ်ရေးတပ်မတော်(KIA)သည် ကချင်အထူးဒေသ(၁)၏ ဌာနချုပ်နှင့်အတူ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းများ၊ နယ်ခြားစောင့်တပ်စခန်းများအားလုံးနီးပါးကို အောက်တိုဘာလအတွင်းထဲပင် တိုက်ခိုက်သိမ်းပိုက်ထားခဲ့ခြင်းဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page