top of page

ကန့်ဘလူမြို့နယ်တွင်နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုကြောင့် မန္တလေး-မြစ်ကြီးနားကားလမ်းပိုင်းကို ကွင်းလမ်းများမှခက်ခဲစွာဖြတ်သန်းသွားလာနေရ

  • Writer: Pajau Media
    Pajau Media
  • Mar 5, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၅ရက်၊မတ်လ၊၂၀၂၅။



မန္တလေး-မြစ်ကြီးနားသွား ကားလမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့များမှ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသောကြောင့် အခြားလမ်းလွှဲများမှ သွားလာနေရပြီး၊ လမ်းခရီးတွင် အချိန်ကြာမြင့်စွာ ခက်ခက်ခဲခဲ ပြေးဆွဲနေရသည်ဟု ကားသမားများက ပြောသည်။


မန္တလေး-မြစ်ကြီးနားကားလမ်းပိုင်းမှ ကန့်ဘလူနယ်ထဲတွင် နှစ်ဖက်တပ်ဖွဲ့များ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ရက်နေ့ကတည်းက တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ပြည်ထောင်စုလမ်းမကြီးကို ကန့်သတ်ပိတ်ပင်ထားခြင်း ဖြစ်သည်။


လမ်းပိတ်ထားသည့် ကာလအတွင်း စံပယ်နံ့သာရွာကွင်းလမ်းမှ တောလမ်းဖြင့် ခက်ခက်ခဲခဲ သွားလာနေရသည့်အပြင် အဆိုပါကားလမ်းမှာ ပုံမှန်ထက် ကောင်းစွာမပေါက်သေးဘဲ ခက်ခဲကြမ်းတမ်းသည့် ကားလမ်းလည်း ဖြစ်ကြောင်း သိရသည်။


လမ်းခရီးအတွင်း အချိန်ကြာမြင့်စွာ ပြေးဆွဲနေရသဖြင့် အသား၊ငါး၊ ဟင်းသီးဟင်းရွက်နှင့် ကုန်စိမ်းအချို့မှာ ပုပ်သိုးပျက်စီးသွားသည့်အပြင် လက်ရှိသွားလာနေသည့် ကားလမ်းမှာ ခက်ခဲကြမ်းတမ်းပြီး ၅ရက်မှ တစ်ပတ်နီးပါးအထိ ကြာမြင့်စွာ ပြေးဆွဲနေရကြောင်း ကားသမားများပြောပြချက်အရ သိရသည်။


တစ်ဖက်တွင်လည်း မန္တလေး-မြစ်ကြီးနားကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် KIA/KPDFတပ်ဖွဲ့များ တပ်သားသစ်စုဆောင်းရေးဆွဲမှုများ အပြင်းအထန်လုပ်ဆောင်နေသလို၊ အခွန်ပေးဆောင်ရမည့် ဂိတ်များ ပိုမိုများပြားလာကြောင်းနှင့် တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page