ခေါင်လန်ဖူးမြို့နယ်ရှိ ကျောင်းများ ဆရာ/မ မလုံလောက်မှု ပြဿနာကြုံနေရ၊ လာမည့်သင်ကြားရေး ကာလတွင် ထပ်မံဖွင့်လှစ်နိုင်ရန် အလားအလာမရှိဟုဆို
- Pajau Media

- Jan 14
- 1 min read
ပါဂျောင်မီဒီယာ
၁၄ရက်၊ဇန္နဝါရီ၊၂၀၂၆။

ပူတာအို၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် သင်ကြားရေးပိုင်း ဆရာ၊ဆရာမများ မလုံလောက်မှု ပြဿနာနှင့် ကြုံတွေ့နေကြရသည်ဟု ဒေသခံများက ပြောဆိုလာသည်။
"လာမယ့်နှစ်လောက်ဆိုရင် ခေါင်လန်ဖူးဘက်မှာ အထက်တန်းကျောင်း ဆက်ဖွင့်နိုင်ဖို့ဆိုတာ တော်တော်ကို မသေချာတော့ဘူး။ လက်ရှိမှာ ချီလာဝါဒီက ကျောင်းလည်းပိတ်ထားတယ်။ ဇန်ယော့နဲ့ခေါင်လန်ဖူးမြို့က ကျောင်းနှစ်ကျောင်းပဲ ဖွင့်ထားတာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ ခေါင်လန်ဖူးမြို့နယ်တွင် အထက်တန်းကျောင်း (၃)ကျောင်းရှိသော်လည်း ကျောင်း(၂)ကျောင်းသာ အထက်တန်းအဆင့် ဖွင့်လှစ်နိုင်ကြောင်း သိရသည်။ သို့သော် ကျောင်းသား/သူများ စာသင်ကြားရေးပိုင်းအတွက် ဆရာ/မ မလုံလောက်မှုများ ရှိနေပြီး၊ ထိရောက်စွာ မဖွင့်လှစ်နိုင်ခြင်း စသည့် အခက်ခဲများ ရှိနေကြရသည်ဟု ဆိုသည်။
“ဆရာ၊မတွေ မရှိတော့ ကျောင်းသားတွေအတွက် တော်တော်အခက်တွေ့ကြတယ်။ လာမယ့်နှစ်ဆို ဇန်ယော့ကျောင်းလည်း ဖွင့်ဖို့မသေချာတော့ဘူး။ ဆရာ၊မတွေ လုံးဝမလာတော့ဘူးလေ၊ လမ်းပမ်းဆက်သွယ်ရေး ခက်တာရယ်၊ ကုန်ဈေးနူန်းပြဿနာတွေရယ်က အစိုးရအနေနဲ့ မရှင်းပေးနိုင်တော့ ကလေးတွေအတွက် ပညာရေးအခက်အခဲကြုံနေရတာပေါ့" ဟု အထက်ပါဒေသခံက ဆက်ပြောသည်။
လက်ရှိအချိန်တွင် ခေါင်လန်ဖူးမြို့နယ်မှ အထက်တန်းကျောင်းသား၊သူများသည် ပူတာအို၊မချမ်းဘော့မြို့နယ်တွင်း အများအပြား လာရောက်ပညာသင်ယူနေကြသော်လည်း မိဘများမတတ်နိုင်သည့် ဒေသခံကလေးများအတွက် အလွန်အခက်တွေ့ကြရသည်။
ခေါင်လန်ဖူးမြို့နယ်ဘက်သို့ ကုန်သွယ်ရေးလမ်းကြောင်းများ ပျက်စီးခဲ့သည်မှာ (၃)နှစ်အထိကြာမြှင့်လာ၍ ခြေကျင်ဖြင့် တစ်ပတ်တိတိ လမ်းရှောက်သွားနေရခြင်း ဖြစ်သည်။
သတင်း- မလိခူး




Comments