ချီဖွေမြို့နယ်မှ ရေဘေးသင့်ပြည်သူများ အကူအညီများစွာ အရေးပေါ်လိုအပ်နေ
- Pajau Media

- Jun 14, 2024
- 1 min read
ပါဂျောင်မီဒီယာ
၁၄ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။

ချီဖွေမြို့နယ်၊ မျော်မောပါကျေးရွာနှင့် ဇန်နောင်ကျေးရွာမှ ရေဘေးသင့် ဒေသခံများမှာ နေရာအထိုင်အခင်းနှင့် အစားအသောက် အခက်အခဲကြုံနေရပြီး အကူအညီများစွာလိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။
မေလ ၂၉ရက်နေ့ နံနက်အစောပိုင်းအချိန်တွင် မိုးရေကြီးပြီး တောင်ကျရေလျှံလာသောကြောင့် ယင်းကျေးရွာမှ နေအိမ်၁၀လုံး ရေစီးထဲ မျောပါသွားခဲ့သည့်အပြင် ကျန်နေအိမ်၃၀လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရသည်။
တောင်ကျချောင်းရေ မြင့်တက်လာသောကြောင့် တစ်ရွာလုံးနီးပါး ရေကြီးပြီး နေအိမ်များ ရေစီးထဲ မျောပါသွားခဲ့သည့် ဒေသခံများမှာ စုဆောင်းထားသည့် အစားအသောက်နှင့် စပါးကျီများ အပါအဝင် အဝတ်အထည်များ ရေစီးထဲ မျောပါသွားသောကြောင့် စားဝတ်နေရေးအတွက် အကူအညီများစွာလိုအပ်နေခြင်း ဖြစ်သည်။
လက်ရှိမှာတော့ ရေဘေးသင့်ပြည်သူများမှာ ဘေးလွတ်ရာနေရာတွင် မိုးကာ၊ တဲအိမ်များနှင့် ပြောင်းရွှေ့နေထိုင်နေကြပြီး၊ အချို့မှာ ဆွေမျိုးနေအိမ်များနှင့် ဘုရားကျောင်များတွင် ခိုလှုံနေထိုင်ကြကာ အဝတ်အထည်များ၊ အစားအသောက်များနှင့် နေရာထိုင်ခင်းအတွက် လိုအပ်သည့် ပစ္စည်းများစွာ အရေးပေါ် အကူအညီလိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။
ရေဘေးသင့်ပြည်သူများကို မည်သည့်အဖွဲ့အစည်းမှဖြစ်စေ၊ မည်သူတစ်ဦးမှဖြစ်စေ၊ တတ်နိုင်သလောက် ပါဝင်ကူညီစေလိုနေကြောင်းလည်း ယင်းရေဘေးသင့်ပြည်သူများကမျှော်လင့်နေကြသည်။
တောင်ကျချောင်းရေကြောင့် ရေဘေးသင့်ခဲ့ရသည့် မျောမောပါကျေးရွာသည် အိမ်ခြေ ၈၀နီးပါးနှင့်လူဦးရေ ၃၀၀နီးပါး နေထိုင်သော ကျေးရွာဖြစ်ပြီး၊ ဇန်နောင်ကျေးရွာမှ အိမ်ခြေ ၉လုံးလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။




Comments