ခ.မ.ရ(၄၃၇)တပ်မှ လက်နက်ကြီးများ ပစ်ခတ်သောကြောင့် မိုးမောက်-ခါနန်ရပ်ကွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်
- Pajau Media

- Apr 22, 2024
- 1 min read
ပါဂျောင်မီီဒီယာ
၂၂ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့အခြေစိုက် ခ.မ.ရ (၄၃၇) တပ်ရင်းမှ အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကြောင်းသည် ခါနန်ရပ်ကွက်ဘက်သို့ ဦးတည်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်နေသောကြောင့် ခါနန်ရပ်ကွက်အပါအဝင် အနီးဝန်းကျင်ရှိ ဒေသခံအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
“စစ်ကောင်စီက အင်အား၁၀၀ကျော်လောက် ဖြစ်မယ်ထင်တယ်။ ခ.မ.ရ (၄၃၇)ကနေ ခါနန်ဘက်ကို စစ်ကြောင်းထိုးလာတာ၊ မနေ့ညကနေ ဟုတ်တယ်။ မနေ့ညကတည်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ ခါနန်ဘက်ကို။ အဲ့လိုနဲ့ ဒီမနက် အစောကြီးကတည်းက သူတို့က မိုးမောက်ပြည်သူ့ဆေးရုံကြီးနေရာတွင်မှာလည်း နေရာယူထားကြပြီ။” ဟု ခါနန်ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ယနေ့ ဧပြီလ ၂၂ရက် နံနက် ၈နာရီအချိန်ခန့်မှစ၍ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး၊ ဗန်းမော်မြို့ဘက်မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူနေသောကြောင့် ခါနန်ဒေသခံများ အားလုံးနီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု ဆိုသည်။
“အခုက ကျနော်တို့ ခါနန်ရပ်ကွက်က ဒေသခံအများစုက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားကြပါပြီ။ ဒါပေမယ့် အိမ်ထောင်းစု ၂စု ၃စုလောက်က ပိတ်မိနေတာတော့ ရှိတယ်။ သူတို့က ရပ်ကွက်က ထွက်ပြေးလို့လည်း မရတော့ဘူးပေါ့။ အဲဒီပိတ်မိနေတဲ့ ဒေသခံအနည်းစုက အခု ကတုတ်ကျင်းထဲမှာ ခိုလှုံနေကြရတာပေါ့။” ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။
ဒေသခံတစ်ဦးက စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ဆက်တိုက်ဆိုသလို ပစ်ခတ်နေသော်လည်း ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ယခုအချိန်အထိ ထိခိုက်သေဆုံးမှုတော့ မရှိသေးဘူးဟု ဆိုသည်။
မိုးမောက်မြို့အခြေစိုက် ခ.မ.ရ (၄၃၇)ဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)တို့ ယနေ့ နံနက် ၈နာရီအချိန်ခန့်တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သတင်းကြားရသော်လည်း ဒေသခံများမှာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ တုံ့ပြန်ပစ်ခတ်မှုများ မရှိသေးကြောင်းသာ ဖြေဆိုခြင်းကြောင့် ပါဂျောင်မီဒီယာမှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လက်ရှိသတင်းရေးသားနေချိန်အထိ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ၅မိနစ်ခြား တစ်ကြိမ် ပုံမှန်ပစ်ခတ်နေသည့်အပြင် နှစ်ဖက်စစ်တပ်မှလည်း စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။




Comments