top of page

ဂျေယာန်စစ်ရှောင်စခန်းမှ မိန်းကလေးငယ် (၃)ဦးကို ပြန်ပေးဆွဲသတ်ဖြတ်သူ တရားခံအားစွဲချက်တင်

  • Writer: Pajau Media
    Pajau Media
  • Mar 24, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၄ရက်၊မတ်လ၊၂၀၂၅။




(KIA) ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးရှိ ဂျေယာန်စစ်ရှောင်စခန်းမှ မိန်းကလေးငယ် သုံးဦးအား ပြန်ပေးဆွဲသတ်ဖြတ်ခဲ့သည့် တရားခံကို မတ်လ၂၁ရက်နေ့က လိုင်ဇာမြို့ တရားရုံးချုပ်တွင် စွဲချက်တင်ထားကြောင်း အမည်မဖော်လိုသူတစ်ဦးထံမှ သိရသည်။


တရားခံ အုန်းဆွဲဒွဲအောင်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ရက်နေ့တွင် ဖမ်းဆီးရရှိခဲ့ပြီးနောက် မတ်လ ၁၇ ရက်နှင့် ၁၈ရက်နေ့တို့တွင် လိုင်ဇာတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့သည်။


ထို့နောက် မတ်လ၂၀ရက်နေ့တွင် တရားခံအား အချိန်အတော်ကြာ စစ်ဆေးမှုများ ထပ်မံပြုလုပ်ခဲ့ပြီး၊ မတ်လ၂၁ရက်နေ့တွင် ရုံးတော်သို့ စွဲချက်တင်သွင်းခဲ့သည်ဟု ဆိုသည်။ သို့သော် မည်သည့်အကြောင်းအရာ၊ မည်သည့်ပုဒ်မများနှင့်စွဲချက်တင်သွင်းထားသည်ကိုတော့ ပြင်ပသို့ အသိပေးခြင်းမပြုလုပ်ရန် တားမြစ်ထားကြောင်းသိရသည်။


ထို့အပြင် တရားခံမှာ ယင်းကျူးလွန်ခဲ့သည့် ပြစ်မှုကိုသာဝန်ခံပြီး ပါဝင်ပတ်သက်နေသူများကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသောကြောင့် ဆက်လက်စုံစမ်း စစ်ဆေးမေးမြန်းနေဆဲဖြစ်သည့်အပြင် တရားရုံးမှလည်း စွဲချက်တင်ပြီးနောက် ထပ်မံရုံးချိန်းခေါ်ဆိုထားသည်ဟု ဆိုသည်။


ဒေသခံတစ်ဦးမှလည်း “သူနဲ့ပတ်သက်နေတဲ့ အမှုတွေ အကြောင်းအရာတွေက အရမ်းရှုပ်ထွေးနေတော့ စုံစမ်းဖို့က အရမ်းကြီးမလွယ်ဘူး။ ဒါပေမဲ့ ကြိုးစားစုံစမ်းနေကြတယ်။ သူကသူလုပ်ခဲ့တာတွေကိုတော့ အကုန်ဝန်ခံတယ်။ ဒါပေမဲ့ဒီအမှုမှာ သူနဲ့ဘယ်သူတွေ ပါဝင်တယ်ဆိုတာကိုတော့ ဘယ်လိုမေးမေး ဘယ်နည်းနဲ့မေးမေး လုံးဝမဖော်ထုတ်သေးဘူးတဲ့” ဟု ပြောသည်။


လက်ရှိတွင် တရားခံဦးအုန်းဆောင်ဒွဲအောင်ကို လှိုင်ဇာအကျဉ်းထောင်ထဲတွင် ထိန်းသိမ်းထားကာ စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်နေပြီး၊ တရားခံနှင့် ပတ်သက်သည့် အမှုအကြောင်းအရာများကို ရှာဖွေစုံစမ်းနေဆဲ ဖြစ်သည်။


အဆိုပါအမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ဇနီးဖြစ်သူဆရာမထံ လာရောက်သည့် အသက် ၁၀နှစ်ခန့်ရှိသည့် မိန်းကလေးငယ်၃‌ဦးကို ပြန်ပေးဆွဲကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ တရားခံကို ဖေဖော်ဝါရီ၂၅ရက်နေ့တွင် ဖမ်းဆီးခဲ့မိခြင်းဖြစ်သည်။


သတင်း - ရောင်နီ၊ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page