စီတာပူ နောင်ရာပါတွင် နေ့ခင်းကြောင်တောင် လူငယ်များ ဖမ်းဆီးခံနေရ
- Pajau Media

- Feb 16, 2024
- 1 min read
ပါဂျောင်မီဒီယာ
၁၆ရက်၊ ဖေဖော်ဝါရီ၊၂၀၂၄ခုနှစ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ အမျိုးသားအားကစားကွင်းဖြစ်သည့် ဒေသအခေါ် နောင်ရာပါကွင်းတွင် ယနေ့ ညနေ ၄နာရီခန့်အချိန်၌ လာရောက်အပန်းဖြေနေသည့် လူငယ်၅ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦး ပြောပြချက်အရ သိရသည်။
မျက်မြင်တွေ့ရှိသူက “ကျနော်က အဝေးကပဲ မြင်နေရတော့ အသေးစိတ်တော့ မပြာပြတတ်ဘူး။ လက်နက်ကိုင်ဆောင်ထားတဲ့ သူတွေက အုပ်စုဖွဲ့ထိုင်နေတဲ့ လူငယ်တွေကို လက်ထိပ်ခတ်ပြီး ဖမ်းခေါ်သွားတာတော့ တွေ့လိုက်တယ်၊ ဘယ်နှစ်ယောက်လောက် ပါသွားလဲတော့ အတိအကျ မပြောတတ်ဘူး” ဟု ပြောသည်။
အရပ်ဝတ်စုံနှင့် ကျည်ကာများ ဝတ်ဆင်ထားကာ လက်နက်ကိုင်ဆောင်ထားသူ လူအုပ်စုက pajero မော်တော်ကားအဖြူနှင့် ရောက်ရှိလာပြီး အုပ်စုဖွဲ့ထိုင်နေသည့် လူငယ်များအား ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

မျက်မြင်တွေ့ရှိသူ ပြောပြချက်အရ လာရောက်ဖမ်းဆီးသူများမှာ စစ်ကောင်စီတပ်ဖွဲ့များ ဖြစ်နိုင်သည်ဟု ယူဆရပြီး လူငယ်များအား ဖမ်းဆီးခေါ်ဆောင်သွားပြီးချိန်တွင်လည်း ဆိုင်ကယ်ဖြင့် လူသုံးဦး ထပ်မံရောက်ရှိလာသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ ယင်းဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီတပ်ဖွဲ့များမှာ လူလွှတ်ကာ ထပ်မံအကဲခတ် ကြည့်ခိုင်းထားတာ ဖြစ်နိုင်တယ်ဟု သူက သုံးသပ်ပြောဆိုထားသည်။
ဖေဖော်ဝါရီ ၁၀ရက်နေ့ စစ်ကောင်စီမှ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဉပဒေကို ပြဌန်းပြီး ယခုရက်ပိုင်းတွင် မြစ်ကြီးနားမြို့နယ်အတွင်း မကြာ ခဏ လူငယ်များ ဖမ်းဆီးခံနေရသည်ဟု သတင်းများထွက်ပေါ်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် ရွှေလမ်းမတွင် အိမ်ခန်းငှားနေသည့် လူငယ်သုံးဦးကို အရပ်ဝတ်နှင့် လူတစ်စုက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။




Comments