top of page

စီတာပူရပ်ကွက်တွင် အမျိုးသမီးတစ်ဦးအား ဓားဖြင့်ခုတ်သတ်ခဲ့သည့် တရားခံဦးရဲရင့်အောင်ကို ဧပြီ(၅)ရက်နေ့တွင် ထပ်မံရုံးထုတ်စစ်ဆေးမည်

  • Writer: Pajau Media
    Pajau Media
  • Apr 3, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၃ရက်၊ဧပြီလ၊၂၀၂၅။




မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်တွင် အသက်၂၅နှစ်အရွယ် အမျိုုးသမီး မနှင်းယုဝေအား ဓားဖြင့်ခုတ်သတ်ခဲ့သည့် တရားခံ ဦးရဲရင့်အောင်ကို မြစ်ကြီးနားတရားရုံးတွင် လူသတ်မှုဖြင့် စွဲချက်တင်ထားပြီး၊ ဧပြီ ၅ရက်နေ့တွင် ရုံးချိန်းစစ်ဆေးမည်ဖြစ်ကြောင်း သေဆုံးသူ၏ညီမ ပြောပြချက်အရ သိရသည်။


တရားခံဖြစ်သူ အသက်၂၈နှစ်အရွယ် ဦးရဲရင့်အောင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ရက် ည၇နာရီခွဲအချိန်ခန့်တွင် အသက်၂၅နှစ်အရွယ် မနှင်းယုဝေအား နှစ်တောင်ခန့်ရှည်သည့် ငှက်ကြီးတောင်ဓားဖြင့် ခုတ်သတ်လိုက်ခြင်းဖြစ်သည်။


အဆိုပါညတွင်းချင်း မြစ်ကြီးနားတရားရုံး၌ လူသတ်မှုဖြင့် တရားစွဲဆိုထားခဲ့ပြီး၊ တရားခံကို မတ်လ ၃ရက်နေ့တွင် တစ်ကြိမ် မေးမြန်းစစ်ဆေးခဲ့သည့်အပြင် တစ်လအကြာ ဧပြီလ၅ရက်နေ့တွင် တစ်ကြိမ်ထပ်မံ တရားရုံး၌ ရုံးချိန်းစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။


သေဆုံးသူ မနှင်းယုဝေနှင့် ညီမဖြစ်သူတို့ နှစ်ဦးမှာ မကွေးတိုင်းမှဖြစ်ပြီး စီတာပူရပ်ကွက် ငွေပျော်ကောင်ရှိ မြတ်ပန်းလျှံအထည်ဆိုင်တွင် ၃လတိတိ အလုပ်လုပ်ကိုင်ခဲ့ရာ ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးရဲရင့်အောင်နှင့် ဈေးမှားရောင်းရင်း စကားများရာမှ ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် အလုပ်ထွက်ခဲ့သည်ဟု ဆိုသည်။


ထို့နောက် ၂၈ရက်နေ့ ည၇နာရီခွဲအချိန်တွင် အမဖြစ်သူ မနှင်းယုဝေက ဝိုင်ဖိုင်သုံးပြီး အိမ်သို့ဖုန်းပြန်ယူရန် ပြန်သွားစဉ် တရားခံမှ ဓားဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page