စက်သုံးဆီ ချွေတာရန် ကားနံပါတ်ပြား စုံရက်နှင့် မရက်ခွဲ၍ မောင်းနှင်ရန် စကစထုတ်ပြန်
- Pajau Media

- Mar 4
- 1 min read
ပါဂျောင်မီဒီယာ
၄ရက်၊မတ်လ၊၂၀၂၆။

စစ်ကောင်စီက စက်ဆုံးဆီ ချွေတာရန် အိမ်စီးမော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် "စုံ" ရက်နှင့် "မ" ရက်ခွဲ၍ မောင်းနှင်ရမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အမိန့်ထုတ်လိုက်ပြီး လိုက်နာမှုမရှိပါက အရေးယူမည်ဟု စစ်ကောင်စီက အသိပေး ကြေညာခဲ့သည်။
လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် လောင်စာဆီ တင်သွင်းသည့် သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်နေသောကြောင့် စက်သုံးဆီ ချွေတာနိုင်ရန် ထိုကဲ့သို့ ထုတ်ပြန်ခြင်း ဖြစ်ပြီး ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်မှစတင်၍ ‘’စုံ”ရက်တွင် ‘’စုံ”နံပတ်ပါသော အက္ခရာယာဉ်များ အသုံးပြုမောင်းနှင်နိုင်သည်ဟု သိရသည်။
လစဉ် "စုံ" ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/4A/စသည်ဖြင့်)၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ-1A/3A/စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင် အိမ်စီးကားများသာ မောင်းနှင်အသုံးပြုရမည်ဖြစ်သည်။
စစ်ကောင်စီ ထုတ်ပြန်လိုက်သည့် သတ်မှတ်ချက်တွင် EV မော်တော်ယာဉ်/ ဆိုင်ကယ်များ၊ Taxi များ၊ လူနာတင်ယာဉ်များ၊ စက်သုံးဆီသယ်ဆောင်သည့် ယာဉ်များ၊ စည်ပင်အမှိုက်သိမ်းယာဉ်များ၊ နိဗ္ဗာန်ယာဉ်များ မပါဝင်ကြောင်း ဆိုထားသည်။
အထက်ပါ စည်းကမ်းသတ်မှတ်ချက်များကို ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသည့်အချိန်အထိ အတည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းကမ်း သတ်မှတ်ချက်များအား ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments