ထီးချိုင့်မြို့နယ်တွင်း နေ့စဉ် လေယာဉ်ဗုံးကျဲ၊ တကောင်းမြို့ စစ်ကော်မရှင် ပြန်လည်သိမ်းယူ
- Pajau Media

- 1 day ago
- 1 min read
ပါဂျောင်မီဒီယာ
၁၁ရက်၊မတ်လ၊၂၀၂၆။
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင်း လေကြောင်းတိုက်ခိုက်မှု များစွာပြုလုပ်လာပြီး၊ ယမန်နေ့ မတ်လ၁၀ရက် နေ့လည် ၁နာရီချိန်တွင် တံတားဦးမှ တက်လာသည့် ဖိုက်တာ(၁)စီးဖြင့် ဇီးကုန်းကျေးရွာကို ဗုံး(၂)ကြိမ်ကျဲချမှုကြောင့် ပြည်သူ(၈)ဦးခန့် သေဆုံးပြီး၊ (၁၈)ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ မတ်လ၉ရက် နေ့လည်၂နာရီ ၁၄မိနစ်ချိန်တွင်လည်း တံတားဦးမှ တက်လာသည့် ဂျက်ဖိုက်တာ(၁)စီးဖြင့် အောင်သာကုန်းကျေးရွာအနီး (၂)ကြိမ်ဗုံးကျဲခဲ့သည့်အပြင် ၄နာရီ၃၀မိနစ်ချိန်တွင်လည်း တံတားဦးမှ ဂျက်ဖိုက်တာ(၂)စီးဖြင့် စပ်စားကျေးရွာနှင့် နီတာကျေးရွာအနီး ဗုံး(၄)ကြိမ်ခန့် ကျဲချခဲ့ရာ နီတာကျေးရွာမှ ပြည်သူ (၂)ဦးနှင့် စပ်စားကျေးရွာမှ အရပ်သားပြည်သူ (၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို့အပြင် မတ်၈ရက်နေ့တွင်လည်း နေ့လည် ၁၂နာရီ ၂၅မိနစ်ခန့်က အလယ်တောကျေးရွာ တိုက်နယ်ဆေးရုံအနီး ဟုမ္မလင်းမှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် (၂)ကြိမ် ဗုံးကျဲကာ ပြည်သူ (၂)ဦး ထိခိုက်ခဲ့ရသည်။
ထီးချိုင့်မြို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ရက်နေ့ကတည်းက မြို့သိမ်းတိုက်ပွဲ တကျော့ပြန် ဖော်ဆောင်ခဲ့ပြီးနောက် စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာသောကြောင့် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသလို စစ်ကော်မရှင်၏ လေကြောင်းရန် သတိထားကြရန် ပြည်သူအချင်းချင်း သတိပေးနေကြကြောင်း သိရသည်။
KIA/PDFပူးပေါင်းတပ်ဖွဲ့မှ စိုးမိုးနယ်မြေအဖြစ် ထိန်းချုပ်ထားခဲ့တာ တစ်နှစ်ကျော်ရှိလာပြီဖြစ်သည့် စစ်ကိုင်းတိုင်းရှိ တကောင်းမြို့ကိုလည်း မတ်လ၁၀ရက် နေ့လည်၁နာရီတွင် လက်လွှတ်ခဲ့ရပြီး၊ စစ်ကော်မရှင်က တကောင်းမြို့နှင့် မန္တလေးတိုင်းတစ်ခုလုံးကို ပြန်လည်ထိန်းချုပ်ထားကြောင်း သိရသည်။
သတင်း - ကချင်ပြည်သား










Comments