top of page

စက်သုံးဆီ ပြတ်လပ်နေသည့် ပူတာအိုဒေသတွင် စစ်ကောင်စီမှ တစ်အိမ်ထောင်စုလျှင် တစ်ဂါလံနှုန်းဖြင့် စက်သုံးဆီ ရောင်းချပေးနေ

  • Writer: Pajau Media
    Pajau Media
  • May 17, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၇ရက်၊မေလ၊၂၀၂၄ခုနှစ်။



စက်သုံးဆီပြတ်လပ်နေသည့် ပူတာအိုဒေသတွင် တစ်အိမ်ထောင်စုလျှင် ဒီဇယ်ဆီတစ်ဂါလံနှုန်းသာ ရောင်းချပေးသောကြောင့် လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသည့် လယ်သမားများမှာ စက်သုံးဆီ မလုံလောက်သည့် ပြဿနာနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများက ပြောသည်။


"ပူတာအိုမြို့မှာတော့ မနေ့ကတည်းက ရောင်းပေးနေပြီ၊ ဒါပေမယ့် တစ်ဂါလံခွဲစီပဲ ရောင်းပေးတယ်။ ဘာမှလုပ်လို့လည်း မရပါဘူး၊ ငါတို့ကျေးရွာ အုပ်စုတွေဘက်တော့ ဒီမနက်ကနေမှ စထုတ်ပေးနေတယ်။" ဟု လုံရှာယာန်အုပ်စုမှ လယ်သမားတစ်ဦးက ပြောသည်။


စက်သုံးဆီပြတ်လပ်နေသည့် ပူတာအိုဒေသတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်မှ ပြီးခဲ့သည့် ဧပြီလ ၃၀ရက်နေ့တွင် လာရောက်ပြီး ပုံမှန်ဈေးဖြင့် ရောင်းချပေးမည့်အကြောင်း ပြောဆိုထားပြီး၊ မေလဆန်းပိုင်းမှစတင်ကာ စစ်တပ်ပိုင်လေယာဉ်ဖြစ်သည့် Y8လေကြောင်းဖြင့် နေ့စဉ် သယ်ယူနေခဲ့ခြင်း ဖြစ်ကြောင်းနှင့် တစ်ဂါလံတွင် ကျပ်လေးသောင်းနှုန်းဖြင့် လယ်တစ်ဧကလျှင် သုံးဂါလံစီ ရောင်းချပေးမည် ဖြစ်ကာ ငွေကြိုတင် ကောက်ခံမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။


“ငါတို့ကိုကျ‌တော့ အစကတည်းက လယ်တစ်ဧကကို သုံးဂါလံ၊ တစ်ဂါလံကို လေးသောင်းကျပ်နှုန်းနဲ့ ငွေကြိုကောက်ထားတာ အခုကျတော့ မဟုတ်ပြန်ဘူးတဲ့။ လယ်ဘယ်နှဧကပဲပိုင်ပိုင် တစ်အိမ်ထောင်ကို တစ်ဂါလံဘဲပေးနေတာ။ တစ်ဂါလံကို နှစ်သောင်းကျပ်နဲ့ ကျန်တဲ့ပိုက်ဆံတွေကိုတော့ ပြန်အမ်းပေးတယ်။ ငါတို့က လယ်လုပ်ဖို့အတွက် အဲ့ဒီအစိုးရရောင်းပေးမယ်ဆိုတဲ့ ဆီကိုဘဲ စောင့်နေတာ အခုကျတော့ တစ်ဂါလံစီပဲ ရောင်းပေးလိုက်တော့ ဘာမှလုပ်လို့မရဘူးလေ။” ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။


ယမန်နေ့ မေလ ၁၆ရက် နေ့မှစ၍ ပူတာအိုဒေသအတွင်း စစ်ကောင်စီမှ ဒီဇယ်ဆီတစ်ဂါလံလျှင် နှစ်သောင်းကျပ်ဖြင့် တစ်အိမ်ထောင်လျှင် တစ်ဂါလံနှုန်းစီသာ ရောင်းချပေးနေသည်ဟု ဆိုသည်။


လက်ရှိအချိန်တွင် ပူတာအို-မြစ်ကြီးနားကားလမ်း ပိတ်ထားသည့်အချိန် နှစ်လကျော်ကြာမြင့်လာခဲ့ပြီး ၎င်းဒေသအတွင်း စက်သုံးဆီနှင့် ကုန်ပစ္စည်းများ ရှားပါးပြတ်လပ်သွားခြင်းကြောင့် လယ်သမားအများစုမှာ လယ်ယာလုပ်ငန်း မစတင်နိုင်ဘဲ အခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page