top of page

စခန်းအတွင်း အင်တာနက်လိုင်းအသုံးပြုနိုင်ရေးဆောင်ရွက်ပေးရန် အမှတ်(၂) ရဲစခန်းမှ နယ်မြေအတွင်းရှိ အင်တာနက်ဆိုင်ရှင်များအား အစည်းအဝေးခေါ်ယူ

  • Writer: Pajau Media
    Pajau Media
  • Oct 17, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၇ရက်၊အောက်တိုဘာ၊၂၀၂၄။





ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၂) ရဲစခန်းနယ်မြေအတွင်းရှိ အင်တာနက်ဆိုင်ဖွင့်လှစ် ထားသည့် ဆိုင်ရှင်များကို အမှတ်(၂)ရဲစခန်းမှ ယမန်နေ့ အောက်တိုဘာ ၁၆ရက် နံနက်၁၀နာရီအချိန်တွင်ခေါ်ယူပြီး အစည်းအဝေး ပြုလုပ်ကျင်းပခဲ့သည်ဟု သိရသည်။


ရဲစခန်းမှ ခေါ်ယူတွေ့ဆုံသည့် အစည်းအဝေးတွင် မြစ်ကြီးနားမြို့တွင် အင်တာနက်ဆိုင်ဖွင့်လှစ်သူ များပြားလာသောကြောင့် မိမိဆိုင်းဘုတ်များကို ဖြုတ်ခိုင်းကြောင်းနှင့် မည်သည့်ဂြိုလ်တု၊အင်တာနက်လိုင်းဖြင့် အသုံးပြုသည်ကို စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် အမှတ်(၂)ရဲစခန်းနယ်မြေအတွင်းရှိ အင်တာနက်ဆိုင်ရှင်များ ပူးပေါင်းပြီး ရဲစခန်းအတွင်း အင်တာနက်လိုင်းအသုံးပြုနိုင်ရန် အားလုံးပူးပေါင်းပြင်ဆင်မှုများ လုပ်ဆောင်ပေးရမည့်အကြောင်းလည်း ပြောဆိုသွားသည်ဟု ဆိုသည်။


“ရဲစခန်းက အင်တာနက်အသုံးပြုလို့ရအောင်လို့ ဝိုင်ဖိုင်တပ်ပေးဖို့ ခေါ်ပြောတာပေါ့။ တစ်ခြား ဖမ်းဆီးမယ်၊ ငွေတောင်းမယ်ဆိုတာမျိုးတော့ မပြောသွားဘူး။ ဆိုင်းဘုတ်တော့ ဖြုတ်ခိုင်းတယ်။ ပြီးတော့ ဘယ်လိုင်းသုံးတာလဲ၊ Knet သုံးတာလား၊ IP Starသုံးတာလား၊ Star Link သုံးတာလားဆိုတာမျိုးတော့ မေးတယ်။” ဟု အစည်းအဝေးသွားခဲ့သူ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။


အင်တာနက်ဆိုင်ရှင်များအားလုံးပူးပေါင်းပြီး ရဲစခန်းအတွက် အင်တာနက်အသုံးပြုနိုင်ရန် ပြင်ဆင်ဆောင်ရွက်ပေးရမည်ဖြစ်ပေမဲ့ လတ်တလောမှစတင်ဖွင့်လှစ်လာသည့် အချို့ဆိုင်ရှင်များမှာ ဆိုင်းဘုတ်မထောင်ဘဲ ဝန်ဆောင်မှုပေးရာတွင် လာရောက်အသုံးပြုသူ မရှိသောကြောင့် ရဲစခန်းအတွက် ပူးပေါင်းပြင်ဆင်ပေးရာမှာ အခက်အခဲရှိသည်ဟုလည်း သိရသည်။


သို့ပေမယ့် မြစ်ကြီးနား မြို့လယ်ခေါင်ရှိ အမှတ်(၁)ရဲစခန်းနှင့် ပလနရှိအမှတ်(၃)ရဲစခန်းတို့မှာ အင်တာနက်ပြင်ဆင်ပေးရန် ခေါ်ယူပြောဆိုမှုများ မရှိသေးကြောင်းသိရသည်။


ပြီးခဲ့သည့် ဇူလှိုင်လ၂၁ရက်နေ့ကတည်းက မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်၊မြို့နယ်အတော်များများတွင် MPT၊ Ooredoo၊ Mytel၊ Atomဖုန်းနဲ့ အင်တာနက်လိုင်းများအားလုံး ပြတ်တောက်ခဲ့သည်။ ယင်းအချိန်မှစပြီး မြစ်ကြီးနားမြို့တွင် အင်တာနက်လိုင်းများ ပြတ်တောက်နေဆဲဖြစ်ပြီး၊ IP Star နှင့် Star Link အသုံးပြုဖွင့်လှစ်ထားသည့်ဆိုင်များတွင် အင်တာနက်အသုံးပြုခပေးကာ သုံးစွဲနေရခြင်း ဖြစ်သည်။


မြစ်ကြီးနားမြို့တွင် အင်တာနက်လိုင်းများပြတ်တောက်ချိန်မှစပြီး IP Starနှင့် Star Link ဂြိုလ်တုလိုင်းအပြင် လတ်တလောက Knet မှ Wifi ဖြင့် တစ်လ ၇သိန်း၊၁၀သိန်း မှ ၁၅ သိန်း အထိအမျိုးအစားအလိုက်ပေးဝယ်နိုင်သည့် ဝန်ဆောင်မှုပေါ်ပေါက်လာသောကြောင့် အင်တာနက်ဆိုင်များ ဝေဝေဆာဆာ ဖွင့်လှစ်လာနိုင်ခဲ့ပြီး ၁နာရီလျှင် ၅၀၀၀ ကျပ်အထိဈေးလျှော့ကျလာကြောင်းသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page