စစ်ကိုင်းကချင်အစပ် ဒေသအတွင်းရှိ ပျူစောထီးဂိတ်များတွင် (၅/) မှတ်ပုံတင်နံပါတ် ကိုင်ဆောင်သူများကို ငွေကြေးတောင်းခံမှုရှိနေ
- Pajau Media

- Mar 26, 2024
- 1 min read
ပါဂျောင်မီဒီယာ
၂၆ရက်၊ မတ်လ၊ ၂၀၂၄ခုနှစ်။

နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီ(SAC)နှင့် သက်ဆိုင်သည့် ပျူစောထီးပြည်သူ့စစ်များသည် စစ်ကိုင်းကချင်အစပ် ဒေသအတွင်း (၅/)ကိုင်ဆောင်သည့် ခရီးသွားများထံမှ ငွေကြေးတောင်းခံမှုများ ရှိနေကြောင်း သိရသည်။
စစ်ကိုင်းမှ မြစ်ကြီးနားသို့ ခရီးသွားလာသည့် အမျိုးသားတစ်ဦးက “ကျနော့်မှတ်ပုံတင်က (၅/)ဆိုတော့ သူတို့က တွေ့တာနဲ့ ဂိတ်ဖြတ်ခွင့်ရဖို့ ပိုက်ဆံတောင်းတော့တာပဲ” ဟု ပျူစောထီး စစ်ဆေးရေးဂိတ်တွင် ငွေပေးဆောင်ရန် အတင်းအကြပ် ခိုင်းစေခံခဲ့ရကြောင်း ပြောသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသအတွင်း ခရီးသွားလာသူများလည်း ပျူစောထီး ပြည်သူ့စစ်များနှင့် ဆုံတွေ့လျှင် ငွေကြေးတောင်းဆိုမှုများ မကြာခဏ ကြုံတွေ့ရလေ့ရှိသည်ဟု ဆိုသည်။

သို့သော် ပျူစောထီး ပြည်သူ့စစ်များသည် စစ်ကိုင်းအမျိုးသားမှတ်ပုံတင် (၅/)နံပါတ်ကိုင်ဆောင်ထားသူများကိုသာ ပစ်မှတ်ထားကာ၊ စစ်ကိုင်းကချင်အစပ် ဒေသအတွင်း သွားလာသော ခရီးသွားပြည်သူ တစ်ဦးချင်းဆီကို တောင်းခံခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကိုင်းနှင့် ကချင်အစပ် ကသာမြို့အတွင်း ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးလည်း ပျူစောထီးများ၏ ခရီးသည်များအပေါ်ငွေကြေး တောင်းခံ နေခြင်းကို ပါဂျောင်မီဒီယာသို့ ပြောပြခဲ့သည်။
“ခရီးသည်တွေဆီက ပိုက်ဆံ အဆမတန်တောင်းတဲ့အတွက် ခရီးသွားအရေအတွက် သိသိသာသာ လျော့ကျသွားပြီး ကျွန်တော်တို့ရဲ့ ကားဆွဲစားတဲ့ လုပ်ငန်းက တော်တော်လေးကို ထိခိုက်လာတယ်”ဟုဆိုသည်။
ဒေသခံများမှ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း လှုပ်ရှားဆောင်ရွက်နေသော ပျူစောထီး ပြည်သူ့စစ်များသည် ၎င်းတို့၏ စစ်ဆေးရေးဂိတ်များတွင် ငွေတောင်းခံမှုများ လုပ်ဆောင်နေသည်မှာ (၅/) ကိုင်ဆောင်ထားသူများသည် လက်ရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် နယ်မြေခံ တော်လှန်ရေးလှုပ်ရှားမှုများနှင့် ပေါင်းသင်းဆက်သွယ်သည်ဟု ပစ်မှတ်ထားကာ လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။
စစ်ကိုင်းကချင်အစပ် ပျူစောထီးများ၏ မတရား အခကြေးငွေ တောင်းခံခြင်းများကြောင့် ယာဉ်မောင်းများ၏ ယာဉ်ပြေးဆွဲမှုများအတွက် အဟန့်အတား ဖြစ်စေသည့်အပြင်၊ ယင်းကဲ့သို့ လုပ်ဆောင်မှုများကြောင့် ယင်းဒေသရှိ ခရီးသွားများနှင့် ယာဉ်မောင်းများ၏ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုဖြင့် မှီခိုနေရသူများအတွက်လည်း အခက်အခဲ ဖြစ်စေသည်ဟု ဒေသခံများက ပြောသည်။




Comments