top of page

စစ်ကောင်စီ၏ e-Government အစည်းအဝေးကို ကချင်ပြည်နယ်အတွင်း ဖုန်း၊ အင်တာနက်လိုင်း ပြတ်တောက်နေချိန် ကျင်းပ

  • Writer: Pajau Media
    Pajau Media
  • Jul 29, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၉၊ ၇၊ ၂၀၂၄



ကချင်ပြည်နယ်တွင် ဖုန်းနှင့် အင်တာနက်လိုင်းပြတ်တောက်နေသည်မှာ တစ်ပတ်ရှိနေပြီဖြစ်ပြီး စစ်ကောင်စီ၏ e-Government အစည်းအဝေးကို ဇူလိုင်လ ၂၆ရက်နေ့ မနက်ခင်းပိုင်းတွင် ကျင်းပခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရပါသည်။


စစ်ကောင်စီ၏ e-Government ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြပြီး စစ်ကောင်စီဉက္ကဌမှ မိန့်ခွန်းပြောကြားကြောင်း သတင်းထုတ် ပြန်ထားပါသည်။


“ယခင်ကရေးဆွဲခဲ့သည့် e-Government Master Plan (2016-2020) ကို ပြန်လည်ဆန်းစစ်ဖြည့်စွက် ပြင်ဆင်ပြီး Myanmar e-Government Master Plan 2030 ကို မူကြမ်းရေးဆွဲခဲ့ပြီ ဖြစ်ကြောင်း” e-Government ဦးဆောင်ကော်မတီ နာယကတာဝန်ယူထားသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားခဲ့ပါသည်။


ထို့ပြင် ရခိုင်၊ ရှမ်းမြောက်၊ ကချင်၊ ချင်းပြည်နယ် စသည့်ဒေသများ အပါအဝင် နိုင်ငံတစ်ဝှမ်း အသီးသီးမှာ တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် မြေပြင်အုပ်ချုပ်ရေးယန္တရားပြိုလဲသည့် ဒေသများမြင့်တက်လာချိန်မှာ e-Government ဝန်ဆောင်မှုများ ပိုမိုတိုးတက်လာအောင် ဆောင်ရွက်ကြရန် စစ်ကောင်စီခေါင်းဆောင်မှ တွန်းအားပေး ပြောဆိုခဲ့ပါသည်။


ကချင်ပြည်နယ်တွင်သာမက စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်များတွင်လည်း ဇူလိုင်လ ၂၁ရက်နေ့မှစ ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်သွားပြီး လက်ရှိအချိန်ထိ ပြတ်တောက်နေဆဲဖြစ်သည်။ သို့သော် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စစ်ကောင်စီ၏ စုပေါင်းရုံးအနီးဝန်းကျင်များတွင် ဖုန်းလိုင်းဆက်သွယ်ပြောဆိုနိုင်သည်ဟု ဒေသခံများ၏ပြောကြားချက်အရ သိရပါသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page