top of page

စစ်ကောင်စီက ဖားကန့်ဒေသဘက်သို့နေ့စဉ်လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ

  • Writer: Pajau Media
    Pajau Media
  • Jul 16, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၆ရက်၊ဇူလိုင်လ၊၂၀၂၅။


ဖားကန့်ဒေသတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေဆဲ ဖြစ်ကြောင်းသိရသည်။


ယနေ့ ဇူလိုင်၁၆ရက် နေ့လည် ၁၂နာရီ၁၀မိနစ်အချိန်ခန့်တွင် လေယာဉ်ဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်သွားကြောင်း သိရပြီး၊ မည်သည့်နေရာသို့ကျရောက်ကြောင်းနှင့် ထိခိုက်ဆုံးရှုံးမှုကို အတိအကျ မသိရသေးကြောင်း ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။


ထို့အပြင် ယမန်နေ့ ဇူလိုင်၁၅ရက်နေ့ နံနက် ၁၁နာရီ၄၀မိနစ်အချိန်ခန့်တွင်လည်း မော်မောင်းကုန်းနှင့် မော်မောင်းလယန်ဘက် သို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးလာရောက်ပစ်ခတ်ခဲ့ပြီး၊ စက်သေနတ်ဖြင့်လည်း လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


တစ်ရက်ထဲတွင် ဝိုင်းမော်-လမြန်ကျေးရွာဘက်ကိုလည်း နေ့လည် ၁နာရီ၄၀မိနစ်အချိန်ခန့်က မြစ်ကြီးနားဘက်မှ တက်လာသည့် စစ်ကောင်စီလေယာဉ်ဖြင့် ဗုံးလာရောက်ပစ်ခတ်သွားကြောင်းနှင့်၊ မြစ်ကြီးနားမြို့ပေါ်မှာတော့ ယနေ့နံနက်အစောပိုင်း ၄နာရီအချိန်ခန့် လက်နက်ကြီးပစ်ခတ်သံ သုံးကြိမ်ထက်မနည်း ကြားရသည်ဟု မြစ်ကြီးနားဒေသခံများက ပြောသည်။


“မနက်၄နာရီကျော် ပညာရေးရုံးနား လူနေရပ်ကွက်ထဲ လက်နက်ကြီးကျတယ်။ လူ၂ယောက်ဒဏ်ရာရတယ်။ အစက မော်တာဒလက်သံတော်တော်ကျယ်လို့ ကို့အနားကျပီထင်လို့ ဝပ်နေရတယ်။ နောက်အလုံးတွေလဲ မော်တာဒလက်သံတော်တော်ကျယ်တယ်။ လက်နက်ကြီးဖြတ်သွားတဲ့ အကွာအဝေးက အရမ်းနီးတယ်။ ၁၂၂/၁၅၅ လောက်ဖြစ်မလား မသိဘူး။ မီးရောင်မမြင်ရဘူး။ မော်တာဒလက်သံပဲ ကြားရတယ်။ မြို့ထဲနေပြီး ဘယ်နေ့သေရမလဲ စောင့်နေရသလိုပဲ။” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။


ဇူလိုင်၁၄ရက်နေ့တွင်လည်း မော်မောင်းကုန်းနေရာတွင် စစ်ကောင်စီကလေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သောကြောင့် စာသင်ကျောင်းတစ်ဆောင် ပျက်စီးခဲ့ရသေးသည်။


လက်ရှိဖားကန့်ဒေသတွင် စစ်ကောင်စီတပ်နှင့် KIAပူးပေါင်းတပ်ဖွဲ့များ စစ်ရေးအပြန်အလှန် တင်းမာနေပြီး တိုက်ပွဲလည်း ပြင်းထန်နေချိန် စစ်ကောင်စီတပ်ဖွဲ့က လေယာဉ်၊ဒရုန်း၊လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page