top of page

စစ်ကောင်စီက လေကြောင်းဖြင့် မိုးမောက်မြို့ကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေ

  • Writer: Pajau Media
    Pajau Media
  • Aug 7, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၇၊ ၈၊ ၂၀၂၄။



မိုးမောက်မြို့ ခမရ ၄၃၇တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီကြား တစ်ကျော့ပြန် တိုက်ပွဲများ ပြင်းထန်နေသည်မှာ ၁၀ရက်ကျော်ရှိနေပြီဖြစ်သည်။ စစ်ကောင်စီတပ်သည် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ရှိ ခမရ ၄၃၇တပ်ရင်း လက်မလွတ်ရေးအတွက် လေကြောင်းလမ်းဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှာ တစ်ရက်ကို Jet Fighter ၁၀စီးခန့်ရှိသည်ဟု သိရပါသည်။


ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်များသည် ဇူလိုင်လ ၂၈ရက်ဝန်းကျင်တွင် ခမရတပ်ရင်းသို့ ဝင်ရောက်ပြီး တပ်စခန်းတစ်ဝက်ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ သို့သော်လည်း စစ်ကောင်စီဖက်မှ လက်နက်ကြီး၊ လက်နက်ငယ်အပြင် လေကြောင်းလမ်းများဖြင့် အဆက်မပြတ် တိုက်ခိုက်သောကြောင့် အလုံးစုံသိမ်းပိုက်နိုင်ခြင်း မရှိသေးပဲ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။


ပါဂျောင်ရှေ့တန်းသတင်း၏ ပြောကြားချက်အရ မိုးမောက်တိုက်ပွဲတွင် စစကောင်စီသည် Jet Fighterဖြင့် တစ်နေ့လျှင် ခန့်မှန်းခြေအားဖြင့် အများဆုံး ၁၀စီးကျော်ဝန်းကျင်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရပါသည်။ စစ်ကောင်စီဘက်မှ စစ်လေယာဉ်အပြင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ခန့်မှန်းအင်အား ၅၀၀နီးပါးဖြင့် ခုခံတိုက်ခိုက်နေကြောင်း သတင်းရရှိပါသည်။


ထို့ကြောင့် မိုးမောက်မြို့နယ်ရှိ ပြည်သူများ၏ နေအိမ်သည် ပျက်စီးဆုံးရှုံးမှုများနေပြီး နှစ်ဖက်တပ်ဖြစ်သော စစ်ကောင်စီနှင့် KIAတပ်မှလည်း ထိခိုက်သေဆုံးမှုများပြားကြောင်း သိရှိရပါသည်။


စစ်ရေးသတင်းအမြစ်များ၏ဖော်ပြချက်အရ ကချင်နိုင်ငံရေးသုံးသပ်သူတစ်ဦးမှ စစ်ကောင်စီအနေဖြင့် မိုးမောက် ခမရ ၄၃၇တပ်ရင်းကို ပြင်းထန်စွာခုခံကာကွယ်နေခြင်းသည် မိုးမောက်မြို့ကို သိမ်းပိုက်လိုက်ပါက နယ်မြေအနေအထားအရ ဗန်းမော်မြို့ တစ်ခုလုံးပါ လက်လွတ်ရမည်ဖြစ်သောကြောင့် ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်ဟု သုံးသပ်ထားပါသည်။


“တကယ်လို့ မိုးမောက်ကို လက်လွတ်လိုက်ရင် ဗန်းမော်ကိုလည်း လက်လွတ်လိုက်ရတော့မျာပဲ။ ဒီအခြေအနေကြောင့် စစ်တပ်က မရရအောင် ခုခံတိုက်ခိုက်နေတာ။ နယ်မြေအနေအထားလည်း အဲ့လိုဖြစ်နေတာ။ ပြီးရင် ဒီမြို့နှစ်ခုကို သိမ်းလိုက်ပြီဆိုရင် တရုတ်နယ်စပ်_လွယ်ဂျယ်လမ်း KIAတပ်တွေ အပြီး ထိန်းချုပ်လိုက်မှာဖြစ်တယ်။ နောက်တစ်ခုက ဗန်းမော်မြို့ဆိုတာက ကချင်ပြည်နယ်အတွက်ဆိုရင် ဒုတိယမြို့တော်လိုလည်း ဖြစ်နေတာဆိုတော့ သူတို့လည်း လက်လွတ်မှာ မဟုတ်ဘူး” လို့ပြောထားသည်ကို တွေ့ရပါသည်။


မိုးမောက်မြို့ရှိ ခမရ ၄၃၇ တပ်စခန်းသည် ဗန်းမော်မြို့မှ ၇မိုင်အကွာတွင်ရှိပြီး ဆယ်စုနှစ်တစ်ခုကြာ တည်ရှိနေသော တပ်စခန်းကြီးဖြစ်ပါသည်။ ထို့ပြင် မိုးမောက်မြို့သည် ဗန်းမော်-လွယ်ဂျယ် ကားလမ်းတွင်တည်ရှိသော မို့တစ်ခုဖြစ်ပြီး နှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာကျသော မြို့တစ်ခုဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီအနေဖြင့် မိုးမောက်မြို့နှင့် ဗန်းမော်မြို့ကို လက်မလွတ်ရရေးအတွက် လေကြောင်းလမ်း၊ ဒရုန်းများဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page