top of page

စစ်ကောင်စီတပ်စခန်းဘက်မှ ဆွမ်ပီယန်ဒေသခံများ ရွာအပြင်ဘက် ထွက်ပြေးတိမ်းရှောင်ခွင့် ပိတ်ပင်ထား

  • Writer: Pajau Media
    Pajau Media
  • Mar 20, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၀ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်ဒေသအတွင်း နှစ်ဖက်စစ်တပ်၏ စစ်ရေးတင်းမာမှုများကြောင့် ထွက်ပြေးတိမ်းရှောင်သူ ဆွမ်ပီယန်ဒေသခံများကို အမြန်ဆုံးပြန်လည်နေထိုင်ရန်နှင့် မည်သူမျှ တောခိုရှောင်တိမ်းနေထိုင်ခြင်း မပြုရန် စစ်ကောင်စီက ပြောဆိုထားသည်ဟု ဒေသခံများက ပြောသည်။


“တိုက်ပွဲစဖြစ်လာချိန်ကတည်းကနေ ရွာကစစ်တပ်တွေက လက်နက်ကြီးငယ်နဲ့ ရမ်းသမ်းပစ်ခတ်လို့ ဒေသခံတွေ တစ်ကွဲတစ်ပြား ထွက်ပြေးကြကုန်တယ်။ ခုကြတော့ ထွက်ပြေးပြီးသားသူတွေကိုလည်း အမြန်ပြန်လာဖို့ ပြောလာတာ။ အဲတာကြောင့် ၁၈ရက်နေ့ကတည်းက ဒေသခံတွေ အားလုံးပြန်လာ နေထိုင်ကြပြီ။ စစ်တပ်ကတော့ ၁၀ရက်နီးပါး ဘယ်သူမှ ရွာအပြင်ထွက်တာမျိုး မလုပ်ကြဖို့ ပြောထားတယ်။” ဟု ဆွမ်ပီယန် ဒေသခံတစ်ဦးက ပြောသည်။


ဆွမ်ပီယန်ကျေးရွာ ဒေသခံ အများစုမှာ တောင်ယာလုပ်ငန်း လုပ်ကိုင်ကြချိန်ဖြစ်သည့်အပြင် ယခုကဲ့သို့ စစ်ရေးတင်းမာလာချိန် ဒေသခံများ တောင်ယာသို့ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်ကြသော်လည်း ဆွမ်ပီယန်ကျေးရွာအတွင်း စခန်းချနေထိုင်သော စစ်တပ်က မည်သူမျှ ကျေးရွာအတွင်းမှ ထွက်ခွင့်မပြုကြောင်း ပြောဆိုထားသည်ဟု ဆိုသည်။


ဒေသခံများပြောပြချက်အရ လက်ရှိဆွမ်ပီယန်ကျေးရွာတွင် စခန်းချနေထိုင်သော စစ်တပ်များမှာ ကျေးရွာအတွင်း အချိန်ပြည့် ကင်းလှည့်စောင့်ကြည့်ကာ၊ ဒေသခံများလည်း ရွာအပြင်ထွက်ခွင့်မပြု ပိတ်လှောင်ထားသည်ဟု ဆိုသည်။


ဆွမ်ပရာဘွမ်ဒေသအတွင်း ပြီးခဲ့သည့် မတ်လ ၉ရက်နေ့မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ ထိုးစစ်ဆင်တိုက်ပွဲများ ဆင်နွဲ့ခဲ့ပြီး၊ မတ်လ ၁၆ရက်နေ့တွင် ဆွမ်ပရာဘွမ်ဒေသအတွင်း တပ်စွဲနေထိုင်သော စစ်ကောင်စီတပ်စခန်းများကို KIA က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။


ဆွမ်ပီယန်ကျေးရွာသည် ပူတာအိုမြို့နှင့် ဆွမ်ပရာဘွမ့်မြို့အကြားတွင် တည်ရှိကာ လူဦးရေ တစ်ထောင်ကျော် မှီတင်းနေထိုင်သော ကျေးရွာတစ်ခု ဖြစ်သည်။


သတင်း - ဟူးကောင်း

Comments


Pajau Media

Thanks for subscribing!

bottom of page