top of page

စစ်ကောင်စီတပ်စခန်း (၁၀)ခုထက်မနည်းကို တစ်ပြိုင်နက်ထဲ KIAထိုးစစ်ဆင်ခဲ့

  • Writer: Pajau Media
    Pajau Media
  • May 18, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊မေလ၊၂၀၂၄ခုနှစ်။




ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အမှတ်(၅) တပ်မဟာ၊ အမှတ်(၃)တပ်ရင်းနယ်မြေ၊ ဝိုင်းမော်နှင့် မြစ်ကြီးနား- ဗန်းမော်လမ်းတစ်လျှောက်ရှိ ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများကို ယနေ့ နံနက်ပိုင်း ၄နာရီအချိန်လောက်မှစ၍ KIA ပူးပေါင်းတပ်က တစ်ပြိုင်နက် ထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။


မေလ၁၈ရက်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် KIA ပူးပေါင်းတပ်မှ ကျန်ရှိနေသေးသည့် မြစ်ကြီးနား-ဗန်းမော်သွားလမ်းပေါ်မှ ရွှေညောင်ပင် ခ.လ.ရ(၃၂၁)တပ်စခန်း၊ ကဇူး၊ ဂါးရာယန်၊ ဒဘတ်၊ ဆမ်ပိုင်၊ အောင်မြေ(၁)၊(၂)၊ ခါးရှီ စသည့် စစ်ကောင်စီတပ်စခန်း (၁၀)ခုထက်မနည်းအား တစ်ပြိုင်နက်ထဲ ထပ်မံ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။


KIAပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အပြင် မြစ်ကြီးနား နမ့်ပေါင်လေတပ်စခန်းကိုလည်း ယနေ့နံနက်ပိုင်းတွင် KIAက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။


ထို့နောက် မြစ်ကြီးနား ပမ္မတီးရပ်ကွက်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အရပ်သား ပြည်သူ (၂)ဦးထက်မနည်း သေဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိကာ၊ လက်ရှိ မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။


ထို့အပြင် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရပြီး၊ မော်ဖောင်းကျေးရွာ၊ ရှဒေါင်ကျေးရွာနှင့် အကျဲကျေးရွာတို့တွင်လည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း အကျဲကျေးရွာ ဒေသခံများက ပြောသည်။


ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ပြီးခဲ့သည့် မတ်လ၇ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မြစ်ကြီးနား-ဗန်းမော်သွား ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းများအနက် ကျန်ရှိနေသေးသည့် တပ်စခန်း (၁၀)ခုထက်မနည်းကို ယနေ့တွင် ထပ်မံ၍ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းအချို့ သိမ်းပိုက်ထားကာ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲ ဖြစ်ကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page