top of page

စစ်ကောင်စီတပ်ဖွဲ့က အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် လိုက်နာခြင်းမရှိဘဲ ဝိုင်းမော်-လမြန်ကျေးရွာဝန်းကျင်တွင် ထိုးစစ်ဆင်တိုက်ခိုက်နေ

  • Writer: Pajau Media
    Pajau Media
  • Apr 3, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၃ရက်၊ဧပြီလ၊၂၀၂၅။



စစ်ကောင်စီတပ်ဖွဲ့က တစ်နိုင်ငံလုံး ရက်ပေါင်း၂၀ကြာ အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း ယနေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်-လမြန်ကျေးရွာဝန်းကျင်နှင့် မြစ်ကြီးနားမြို့တို့တွင် လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ကြားနေရပြီး တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။


ငလျင်ဘေးဒဏ်သင့် ပြည်သူများကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဧပြီလ၂ရက်နေ့စ၍ ၂၂ရက်နေ့အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။


“ဒီမနက်အထိ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေရတယ်။” ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။


ဝိုင်းမော်-လမြန်ကျေးရွာဝန်းကျင်တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များမှာ မတ်လဆန်းကတည်းက နေ့စဉ်စစ်ကြောင်းထိုး လှုပ်ရှားနေခဲ့ပြီး၊ KIAနှင့်လည်း ထိတွေ့တိုက်ပွဲ ပြင်းထန်နေခဲ့ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းထုတ်ပြန်ခဲ့သော်လည်း မြေပြင်မှာတော့ နောက်ဆုတ်ခြင်းမရှိ ဆက်လက်တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ဆိုသည်။


တစ်ဖက်မှာလည်း တပ်မတော်၏ ထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ KIOအစိုးရမှလည်း ခုခံကာကွယ်ခြင်းမှအပ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပြန်လည်ထုတ်ပြန်ခဲ့သည်။


သို့သော် ဝိုင်းမော်-လမြန်ကျေးရွာနှင့် ခလရ-၅၈တပ်မှာတော့ စစ်တပ်ပူးပေါင်းတပ်များမှ စစ်ကြောင်းထိုးကာ လက်နက်ကြီးများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် KIAမှ ပြန်လည်ခုခံခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။


တပ်မတော်၏ထုတ်ပြန်ချက် အပိုဒ် ၄ ပါအကြောင်းအရာ အချက်အလက်များကို တော်လှန်ရေးတပ်နှင့် စစ်ကောင်စီတပ်များ လိုက်နာရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွေ ဖော်ပြထားသော်လည်း စစ်တပ်က မြေပြင်တွင် လိုက်နာခြင်းမရှိဘဲ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ထပ်မံသိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page