စစ်ကောင်စီတပ်ဖွဲ့များ ဝိုင်းမော်မြို့နယ်အတွင်းစစ်ရေးပြန်လည်လှုပ်ရှားလာပြီး၊ ဗလမင်းထင်တံတားအနီးရှိ မိုင်းနားကျေးရွာတွင်ပြည်သူ့စစ်များစခန်းချနေ
- Pajau Media
- May 30
- 1 min read
ပါဂျောင်မီဒီယာ။
၃၀ရက်၊မေလ၊၂၀၂၅။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း ယခုရက်ပိုင်းမှစ၍ စစ်ရေးလှုပ်ရှားမှုများ တစ်ဖန်ပြန်လည် လှုပ်ရှားလာနေကြောင်း ဝိုင်းမော်ဒေသခံများက ပြောသည်။
“အခုတလော ဗလမင်းထင်တံတားအကျော် မိုင်းနားမှာလည်း စစ်တပ်တွေ လုံခြုံရေး ပိုပြီးတင်းကြပ်လာကြတယ်။ အရင်က ကားတွေကိုပဲ အဓိကစစ်တယ်။ ဒီမနက်ကစပြီး ဆိုင်ကယ်တွေကိုလည်း တားဆီးစစ်ဆေးနေတာ တွေ့ရတယ်။ မိုင်းနားစစ်ရှောင်စခန်းနဲ့ နီးတဲ့နေရာတွေအထိ ပြည်သူ့စစ်တွေ နေရာယူထားပြီး စစ်ဆေးနေကြတာ။” ဟု မိုင်းနားဒေသခံတစ်ဦးက ပြောသည်။
ယခင်က စစ်ရေးလှုပ်ရှားမှုများ ရှိနေသော်လည်း မိုင်းနားနှင့်နီးစပ်သည့် နေရာများတွင် နေရာယူတပ်စွဲထားခြင်းမရှိပေမယ့် ယခုအပတ်အတွင်း မိုင်းနားစစ်ရှောင်စခန်းအနီး ပြည်သူ့စစ်တပ်ဖွဲ့များ နေရာယူတပ်စွဲထားပြီဖြစ်ကြောင်း သိရသည်။
“မိုင်းနားစစ်ရှောင်စခန်းအနီးမှာပဲ ဟုတ်တယ်။ ပြည်သူ့စစ်တွေ နေရာယူထားပြီ။ အခုက ကျမတို့စစ်ရှောင်တွေလည်း နေရပ်ရင်းကို ပြန်နေချိန်ဆိုတော့ အထုတ်အပိုးတွေ သယ်ယူပို့ဆောင်နေချိန်ပေါ့။ ဆိုတော့ တားဆီးစစ်ဆေးတာတွေ၊ ပိုက်ဆံကောက်တာတွေ လုပ်နေတော့ အနောက်အယှက်ဖြစ်ရတယ်။ အခုက စစ်ရေးပိုပြင်းထန်လာတော့ နေရာယူလာတဲ့ သဘောပဲ။” ဟု အထက်ပါအမျိုးသမီးက ဆက်ပြောသည်။
ပြီးခဲ့သည့် မေလ၂၈ရက်နေ့တွင် ဝိုင်းမော်-စန်းကား၊ခတ်ချိုဘက်သို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ လမြန်-ဝူယန်ဘက်လည်း နှစ်ဖက်စစ်ရေး ပြင်းထန်နေသည်ဟု ဆိုသည်။
ဒေသခံအချို့ပြောပြချက်အရ လက်ရှိ ဝါးရှောင်ဝန်းကျင်တွင် စစ်ကောင်စီက စစ်အင်အားဖြည့်တင်းနေပြီး၊ ဝူယန်ဘက်မှာတော့ နှစ်ဖက်တပ်စခန်းများ နီးစပ်စွာရှိနေသောကြောင့် သတိထားနေကြကြောင်း သိရသည်။
သတင်း - ပီလမ့်အူ
Comentários