top of page

စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ပြည်သူများ ထိခိုက်သေဆုံး

  • Writer: Pajau Media
    Pajau Media
  • Aug 6, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၆ရက်၊ဩဂုတ်၊၂၀၂၅။



ကချင်ပြည်နယ်၊ ဖားကန့်-ဆိုင်းတောင် ယူမာကျေးရွာအပိုင်း၊ စည်ပင်ကွက်သစ်ဧရိယာတွင် ယမန်နေ့ညနေ ၇နာရီ ၃၀မိနစ်ဝန်းကျင်ခန့်က စစ်ကောင်စီမှ ပစ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ပြည်သူများ ပြင်းပြင်းထန်ထန်ထိခိုက်ကာ၊ သေဆုံးသူများလည်း ရှိခဲ့ကြောင်း သိရသည်။


ထိုလက်နက်ကြီးမှာ ဖားကန့်ဗျူဟာကုန်းရှိ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်ခြင်းဖြစ်ပြီး၊ ယူမာကျေးရွာနေ ဒေသခံပြည်သူ (၂)ဦးသေဆုံးကာ၊ (၁၅) ဦးထက်မနည်း ပြင်းထန်စွာထိခိုက်ဒဏ်ရာ ရခဲ့သည်။


ယူမာစည်ပင်နောက်ဘက်ရှိ ဒေါ်ပုကြွယ် အိမ်ဈေးဆိုင်ရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးက 'ယူမာ အနောက်ဖက် စည်ပင်ထဲက ဒေါ်ပုကြွယ် အိမ်စျေးဆိုင်ရှေ့နားမှာ လက်နက်ကြီးကျတာ လူတွေအများကြီးထိတယ်။ တစ်ယောက်က အူပွင့်ပြီးသေသွားတယ်။ အိမ်တွေလည်းအကုန်ထိကုန်တယ်' ဟု ပြောသည်။


ထို့အပြင် အစောပိုင်း ညနေ 6 နာရီ ၄၀ မိနစ်ဝန်းကျင်ခန့်တွင်လည်း ရှရော်ခကျေးရွာ ဧရိယာအတွင်းရှိ လူနေအိမ်ပေါ်သို့ ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးထိခိုက်သေဆုံးခဲ့ရသည်။


ဖားကန့်ဒေသနေပြည်သူတစ်ဦးက "တစ်ညနေလုံး ဒီဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာမို့ မနေ့ကလို ပြည်သူနေအိမ်ပေါ်တွေ ပြန်ကျမှာစိုးရိမ်နေတာ တကယ်ပဲ လူတွေအများကြီး။ သေတဲ့သူကသေ၊ ဒဏ်ရာရတဲ့သူကရနဲ့။ စိတ်လည်းမကောင်းဘူး၊ ဘယ်သူ့ကိုမှလည်း အပြစ်သွားတင်လို့မရဘူး" ဟု ဝမ်းနည်းစွာ ပြောသည်။


ထို့အပြင် ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့ ဆန်းကြွယ်ကျေးရွာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့သူများအနက် အသက် (၈၈) နှစ်အရွယ် ဒေါ်ညိုစိန်ကလည်း သြဂုတ်လ (၅)ရက်နေ့ မနက်ပိုင်းအချိန်တွင် ဆေးကုသနေရင်း သေဆုံးသွားကြောင်း ထပ်မံသိရသည်။


သတင်း - အန်ဒီ


Comments


Pajau Media

Thanks for subscribing!

bottom of page