top of page
Search

စစ်ကောင်စီ၏ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို လူငယ်များအမြင် ဘယ်လိုရှိလဲ?

  • Writer: Pajau Media
    Pajau Media
  • Mar 8, 2024
  • 1 min read

ပါဂျောင်မီဒီယာ (Voxpops)

၈ရက်၊ မတ်လ၊ ၂၀၂၄ ခုနှစ်။



၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ အပြောင်းအလဲဖြစ်ပြီးနောက် ကချင်ပြည်နယ်အတွင်းရှိ အရည်အသွေးပြည့် လူငယ်တော်တော်များများမှာ နိုင်ငံရပ်ခြားသို့ အခွင့်အလမ်းအသစ်များ ရှာဖွေရန် အသီးသီး ထွက်ခွာသွားကြတာကို အများအပြား တွေ့လာရပါတယ်။


မကြာသေးမှီက စစ်ကောင်စီမှ ထုတ်ပြန်လိုက်တဲ့ စစ်မှုမထမ်းမနေရ ဉပေဒဟာ တိုင်းတစ်ပါးထွက်ခွာပြီး အခွင့်အလမ်းအသစ်ရှာလူငယ်တွေ နိုင်ငံအနှံ့ များပြားလာတာကို ပိုမိုအားကောင်းအောင် တွန်းအားပေးလိုက်သလို ဖြစ်နေပါတယ်။


ဒါ့ကြောင့် ပါဂျောင်မီဒီယာမှ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပေဒေကို လူငယ်တွေရဲ့အမြင် ဘယ်လိုရှိနေလဲ? ဘာတွေလုပ်ဆောင်သွားမှာလဲ? စတဲ့မေးခွန်းတွေနဲ့ လူငယ်တွေကို ဆက်သွယ်မေးမြန်းထားပါတယ်။ (အမေးအဖြေ ပြုလုပ်ထားသော လူငယ်တွေရဲ့ လုံခြုံရေးကို အလေးထားသောအားဖြင့် အမည်လွဲဖြင့်သာ ဖော်ပြလိုက်ပါတယ်။)


 “မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကတော့ အရမ်းကိုထိလွယ်ရှလွယ်တဲ့ အခြေအနေထဲမှာပဲ၊ အဲ့မှာ စစ်မှုမထမ်းမနေရဉပေဒ ပြန်ထွက်လာတော့ လူငယ်တွေအတွက် အနာဂတ်ကတော့ ဘယ်အရာမှ မသေချာမရေရာနေတဲ့ အခြေအနေထဲမှာပဲ၊ ကျွန်တာ်အပါအဝင် လူငယ်တော်တော် များများကတော့ စစ်မှုထမ်းစရာ မလိုပဲ ကိုယ့်ရည်မှန်းချက်ကို လိုက်နိုင်တဲ့ နိုင်ငံရပ်ခြားကိုပဲ ထွက်သွားချင်တော့တယ်။” လူငယ်တစ်ဦး


“ကျွန်မနှင့် ကျွန်မသူငယ်ချင်းအချို့တော့ ဂျပန်စာလေ့လာနေတယ်၊ အဲ့တာမှ ဂျပန်နိုင်ငံမှာ ကျွန်မတို့ရဲ့ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းကို ဆက်လက်ရှာဖွေလို့ရမှာ။ လူငယ်တော်တော်များများကတော့ အင်္ဂလိပ်၊ ကိုးရီးယားနှင့် ဂျပန်ဘာသာ စကားတွေကို ဝင်ငွေကောင်းကောင်းရတဲ့ ကိုးရီးယားတို့၊ ဂျပန်တို့၊ ဒူဘိုင်းနိုင်ငံတို့မှာ အလုပ်သွားလုပ်နိုင်ဖို့ လေ့လာနေကြတာပေါ့။ ကျွန်မတို့ မိဘတွေကလဲ အခု နိုင်ငံရေးအခြေအနေကို တော်တော်လေး စိတ်ပူနေကြတယ်၊ အဲ့အတွက် မိဘတွေကလဲ လိုလိုလားလားလွတ်တယ်” မဂျာမိုင် (အမည်လွဲ)


“ကျွန်တော်ကတော့ ဒီစစ်မှုထမ်းဉပဒေကို လက်မခံဘူး၊ အကယ်လို့ အတင်းအကျပ် လုပ်လာမယ်ဆိုရင် နိုင်ငံခြား ဒါမှမဟုတ် ကေအိုင်အေထဲဝင်သွားဖို့ပဲ တွေးထားတယ်” မြစ်ကြီးနား လူငယ်တစ်ဦး


 “စိတ်မမှန်တဲ့လူတွေပဲ အဲ့စစ်တပ်ထဲဝင်မှာ၊ ကျွန်တော်ကတော့ စစ်တပ်ထဲဝင်ပြီး ကိုယ့်ဂုဏ်သိက္ခာကို မချနိုင်ဘူး၊ တော်လှန်ရေး အဖွဲ့ထဲပဲဝင်သွားမှာ” စီတာပူမှ လူငယ်တစ်ဦး


 “ကျွန်မတို့ရဲ့ အနာဂတ်ကတော့ မတွေးရဲစရာပဲ၊ တကယ်တမ်း ကျွန်မတို့ လူငယ်တွေမှာ ရွေးစရာ နှစ်ခုပဲရှိတယ်၊ နိုင်ငံခြားထွက်မလား ဒါမှမဟုတ် ကေအိုင်အေထဲဝင်ပြီး စစ်တပ်ကို တော်လှန်မလား ဒါပဲရှိတယ်။ နိုင်ငံခြားမှာ အခွင့်အလှမ်းသစ်ရှာဖို့ကလဲ ပတ်စပိုစ့်နှင့် ဗီဇာရဖို့တောင် တော်တော်ခဲယဉ်းလာတယ်၊ သူတို့က အကုန်တင်းကျပ်လိုက်တာလေ၊ တချို့အဆက်အသွယ်ကောင်းတဲ့ သူတွေကတော့ အေးဂျင့်တွေ ပွဲစားတွေနဲ့ လုပ်လိုက်ကြတော့ အဆင်ပြေပေမယ့် တစ်ချို့ငွေကြေးအခက်အခဲရှိပြီး အဆက်အသွယ်မရှိတဲ့ သူတွေအတွက်ကတော့ မဖြစ်နိုင်သလောက်ပဲ၊ အကျိုးဆက်အနေနဲ့ကတော့ ကျွန်မတို့ရဲ့ အလုပ်အကိုင်နဲ့ ပညာရေးခရီးလမ်းကတော့ မြောင်းထဲရောက်သွားရတာပေါ့” မဆန်စောမ့် (အမည်လွဲ)


“အခုလို စစ်မှုမထမ်းမနေရ ဉပဒေထုတ်ပြန်လိုက်ခြင်းဟာ နိုင်ငံရပ်ခြားကို ထွက်ခွာသွားမယ့် လူငယ်အရေအတွက်ကို များပြားလာစေတဲ့အပြင် တစ်ဖက်မှာလဲ လူကုန်ကူးမှုများ/လူကုန်ကူးသူများကို အခွင့်အရေးပေးသလို ဖြစ်နေတယ်” မိဘတစ်ဦး


“ကေအိုင်အေထဲဝင်ပြီး စည်းလုံးညီညွတ်ခြင်းကို ဖော်ဆောင်တာက ပိုကောင်းတဲ့ ရွေးချယ်မှုပဲ၊ ကျွန်မကတော့ မိမိနေရပ်ကိုထားခဲ့ပြီး နိုင်ငံခြားသွားလိုက်တာမျိုးတော့ အားမပေးဘူး၊ ဘာလို့လဲဆိုတော့ မိမိလွတ်မြောက်သွားနိုင်ပေမယ့် မိမိနေရာမှာ တယောက်ယောက်ကတော့ ခံစားနေရဦးမှာပဲ၊ ဆက်လက်ပြီးပြောချင်တာက ကျွန်မတို့ လူငယ်တွေ ကိုယ့်အိမ်ကိုယ့်မြေကို စွန့်ခွာသွားရင် တစ်စိမ်းတွေက နေရာယူသွားမှာပဲ၊ ကချင်လူငယ်တွေက ကချင်ပြည်အတွက်က ကျောရိုးပဲ၊ ဒါကြောင့် ကိုယ့်မြေကိုယ့်ပြည်ကို စွန့်ခွာသွားတာက ရူးမိုက်တဲ့ ဆုံးဖြတ်ချက်ပဲ။ ကျွန်မတို့ လူငယ်တွေ ဒီအချိန်မှာ ကိုယ့်ကိုယ်ကို မေးရမယ့် မေးခွန်းရှိတယ်၊ အဲ့တာက အခုမှ မလုပ်ရင် ဘယ်တော့လဲ? ကျွန်မတို့ မလုပ်ရင် ဘယ်သူတွေလုပ်မလဲ? ဒီနေရာမှ မလုပ်ရင် ဘယ်နေရာသွားလုပ်မလဲ? လွတ်မြောက်နယ်မြေရှိ လူငယ်အမျိူးသမီးတစ်ဦး

Comments


Pajau Media

Thanks for subscribing!

bottom of page