စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း တစ်သိန်းကျော်ပျက်စီး
- Pajau Media

- Nov 26, 2024
- 1 min read
Updated: Nov 27, 2024
ပါဂျောင်မီဒီယာ။
၂၆ရက်၊နိုဝင်ဘာ၊၂၀၂၄။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်း ၃နှစ်ကျော်ကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားနေအိမ်ပေါင်း ၁၀၁,၄၇၄လုံး ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း Data for Myanmar၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းထဲမှ ၂၀၂၄ခုနှစ် ဩဂုတ်လအတွင်း မီးရှို့ဖျက်စီးခံရသည့် နေအိမ်မှာ စုစုပေါင်း ၄၂၅လုံးအထိ ရှိခဲ့ပြီး၊ တိုင်းနှင့်ပြည်နယ်အလိုက်ကြည့်လျှင် စစ်ကိုင်းတိုင်းသည် နေအိမ်ပေါင်း ၇၃,၃၅၁လုံး ဆုံးရှုံးခဲ့ရသဖြင့် တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရသည့် အရပ်သားနေအိမ် စုစုပေါင်း၏ ၆၉ရာခိုင်နှုန်းကျော်အထိ ရှိနေသည်ကို တွေ့ရသည်။
စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၁ခုနှစ်တွင် အရပ်သားနေအိမ်ပေါင်း ၂,၁၁၁ လုံး၊ ၂၀၂၂ခုနှစ်တွင် ၄၆,၈၅၆ လုံး၊ ၂၀၂ခုနှစ်တွင် ၃၁,၄၈၄ လုံးနှင့် ၂၀၂၄ခုနှစ် ဩဂုတ်လအထိ ၂၁,၀၂၃ လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။ လ အလိုက် မီးရှို့ဖျက်ဆီးခံရမှုကိုကြည့်လျှင် ၂၀၂၂ခုနှစ် ဒီဇင်ဘာလတွင် အများဆုံးဖြစ်ခဲ့ပြီး၊ နေအိမ်ပေါင်း ၁၀,၅၆၂လုံး ဆုံးရှုံးခဲ့ရသည်။
စစ်အာဏာသိမ်း ၃နှစ်ကျော်ကာလအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား စစ်ရေးမှာ ပိုမိုပြင်းထန်လာခဲ့ပြီး၊ လက်နက်ကိုင်တော်လှန်ရေး အားကောင်းသည့် နယ်မြေများတွင် စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲသည့်ဒေသနှင့် တော်လှန်ရေးအင်အားစုများကို ထောက်ခံသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ စစ်ကြောင်းထိုးခြင်းအပြင် လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်များ မီးလောင်ပျက်စီးခဲ့ရသည်။
စစ်ဘေးကြောင့် နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ပြည်သူများမှာ သိန်းချီရှိနေပြီး၊ အခက်အခဲများစွာ ရင်ဆိုင်နေရသလို ဒေသခံလူမှုကူညီရေးအဖွဲ့များအနေဖြင့်လည်း အခက်အခဲများစွာကြားမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြရကြောင်း၊ နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများအနေဖြင့်လည်း ဒေသခံလူမှုအကူအညီအရေးအဖွဲ့များနှင့် ချိတ်ဆက်ပြီး၊ လူသားချင်းစာနာသည့်အကူအညီများကို အမြန်ဆုံး ပံ့ပိုးကူညီပေးကြရန်လိုကြောင်း Data for Myanmarက ထုတ်ပြန်ထားသည်။
















Comments