top of page

စစ်ကောင်စီမှ ကချင်ပြည်နယ်တွင် မေလအတွင်းပြည်သူ(၃၈)ဦးအား သတ်ဖြတ်ကာစစ်ဥပဒေများကိုချိုးဖောက်နေ

  • Writer: Pajau Media
    Pajau Media
  • Jun 4, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၄ရက်၊ဇွန်လ၊၂၀၂၅။




နိုင်ငံတကာ စစ်ဥပဒေများကိုလိုက်နာမှုမရှိဘဲ ချိုးဖောက်လျက်ရှိသော အာဏာသိမ်းစစ်ကောင်စီက ကချင်ပြည်နယ်တွင်ပြီးခဲ့သည့် မေလတစ်လတာအတွင်း အရပ်သားပြည်သူ(၃၈)ဦးအား သတ်ဖြတ်ကာ စစ်ဥပဒေများကို ချိုးဖောက်နေကြောင်း Kachin Human Rights Watch-KHRWက ထုတ်ပြန်ထားသည်။


စစ်ကောင်စီက ကချင်ပြည်နယ်မှ အရပ်သားပြည်သူ(၃၈)ဦးအား သတ်ဖြတ်ခဲ့ပြီး၊ ပြည်သူ(၅)ဦးမှာ လက်နက်ထိမှန်သောကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ ပြည်သူ(၇)ဦးမှာတော့ မတရားဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း မြေပြင်တွင်မှု အရေအတွက်ကွဲပြားနိုင်ကြောင်းလည်း ဖော်ပြထားသည်။


မေလ(၈)ရက်နေ့တွင် ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဗန်းမော်မြို့မှ စစ်ရှောင်ပြည်သူများတည်ရှိရာ ဘုရားကျောင်းဝင်းအတွင်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် စစ်ရှောင်အနည်းဆုံး (၃၀)ဦးထက်မနည်း သေဆုံးခဲ့ရသည်။


ထို့အပြင် ဝိုင်းမော်မြို့တွင်လည်း မေလ၁၆ရက်နေ့မှ ၁၈ရက်နေ့အတွင်း စစ်ကောင်စီ၏ မြေမြုပ်မှိုင်းနှင့် လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားပြည်သူ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


ယင်းတို့အနက် အသက်၃၂နှစ်အရွယ် ကိုအားမူတူးက မေလ၁၆ရက်နေ့တွင် မြေမြုပ်မှိုင်းထိမှန်၍ ညာခြေထောက်ဖြတ်တောက်ခဲ့ရသည်။ နောက်ထပ် အသက်၁၀နှစ်အရွယ် မောင်ယာလီမှာလည်း မေလ၁၈ရက်နေ့က လက်နက်ကြီးထိမှန်၍ ကျောနောက်ဘက်ဒဏ်ရာရရှိခဲ့သည့်အပြင် အသက်၆၅နှစ်အရွယ် ဦးပေါင်းရင်သည်လည်း လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့သည်။


နောက်ထပ်ဖြစ်စဉ်မှာ မေလ၂၄ရက်နေ့က မိုးညှင်းမြို့နယ် ဟဲပါးကျေးရွာတွင် အသက်၆၂နှစ်အရွယ် ဦးချမ်းမောင်နှင့် အသက်၅၈နှစ်အရွယ် ဇနီးဒေါခင်ပြုံးတို့နှစ်ဦး လက်နက်ကြီး ကျရောက်ပေါက်ကွဲသောကြောင့် အသက်သေဆုံးခဲ့ရပြီး၊ အသက်၅၀နှစ်အရွယ် ဒေါ်တင်နုကတော့ ခြေထောက်ဒဏ်ရာဖြင့် ဆေးရုံတွင် ကုသနေချိန် ၅ရက်အကြာမှ သေဆုံးခဲ့သည်။


ထို့အပြင် ဖားကန့်မြို့နယ် ဆိုင်းဖရာကျေးရွာအနီး မပေါက်ကွဲသေးသော လက်နက်ကြီးကို ဆော့ကစားမိရာမှ အသက်၁၂နှစ်နှင့်၁၀နှစ်အရွယ် မောင်ဆွတ်ဆိုင်းအောင်နှင့် မောင်ဆွတ်ဆိုင်းနော်တို့ညီအကိုနှစ်ဦး သေဆုံးခဲ့ရသည့်ဖြစ်စဉ် မေလ၂၇ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။


မေလ၂၈ရက်နေ့တွင်လည်း ဖားကန့်-လုံးခင်းကျေးရွာအတွင်း စစ်ကောင်စီက အရပ်သား(၅)ဦးကို သတ်ဖြတ်ခဲ့ပြီး၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသူများထဲမှ (၇)ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ နောက်ထပ် ရိန်းဘိုးမိုဘိုင်းဆိုင်ရှေ့၌လည်း လူတစ်ဦးအား ပစ်သတ်ခဲ့သေးသည်။


တစ်ဖက်မှာလည်း ကချင်ပြည်နယ်အတွင်း စစ်ပွဲများကြောင့် အရပ်သားပြည်သူ ထောင်ပေါင်းများစွာ ထွက်ပြေးနေရပြီး၊ ယင်းတို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ အရေးပေါ် လိုအပ်နေပါသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page