top of page

စစ်ကောင်စီ၏ မီးရှို့သတ်ဖြတ်ခြင်းခံရသည့် ပြည်သူများအထဲတွင် စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းမှ ပြည်သူများအများဆုံးပါဝင်နေ

  • Writer: Pajau Media
    Pajau Media
  • Mar 20, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၉ရက်၊မတ်လ၊၂၀၂၅။




နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ကောက်ယူထားသော အချက်အလက်များအရ ၂၀၂၄၊ ဇန္နဝါရီလ ၁ရက်နေ့မှ ၂၀၂၅၊ မတ်လ ၁၈ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စု၏ မီးရှိ့၊သတ်ဖြတ်မှုကြောင့် သေဆုံးသူ (၇၂)ဦးထိ ရှိလာကြောင်း သိရသည်။


စစ်ကောင်စီ၏ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူမှာ (၄၂)ဦးထိရှိပြီး၊ သတ်ဖြတ်ပြီးနောက် ရုပ်အလောင်းကို မီးရှိ့ခံရသူမှာ (၃၀)ဦးထိ ရှိသည်ဟု ဆိုသည်။


အဆိုပါသေဆုံးမှုထဲတွင် စစ်ကိုင်းတိုင်းမှ (၂၄)ဦးဖြင့် အများဆုံးဒေသဖြစ်ပြီး၊ မကွေးတိုင်းတွင် (၂၀)ဦးဖြင့် ဒုတိယအများဆုံး ဖြစ်ခဲ့သည်။


ယခုလ မတ်လ ၇ရက်နှင့် ၁၂ရက်နေ့တွင်လည်း မကွးတိုင်း၊ ရေစကြိုမြို့နယ်၊ သာပေါင်းကျေးရွာတွင် စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူ ၆ဦးကို ဖမ်းဆီး၍ ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့သည့်အပြင် တစ်ဦး၏ခေါင်းကို ဖြတ်၍ ခန္ဒာကိုယ်အား မီးရှို့ခဲ့ကြောင်း ဖော်ပြထားသည်။


ပြီးခဲ့သည့် မတ်လ ၁၇ရက် တွင်လည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ စိန်းခန်းကျေးရွာကို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၆ဦးသေဆုံးခဲ့ရသည်။


လက်ရှိအချိန်ထိ အကြမ်းဖက်စစ်ကောင်စီမှ အရပ်သားများအပေါ် ပစ်မှတ်ထားကာ အများပြည်သူဆိုင်ရာ နေရာများနှင့် နေအိမ်များကို လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန်လုပ်ဆောင်နေဆဲဖြစ်သည်။


ထို့အပြင် မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလအတွင်း ပြည်သူ(၆၄၁၂)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရပြီး၊ ဖမ်းဆီးခံရသူဦးရေမှာ စုစုပေါင်း (၂၈၈၈၈) ဦးအထိ ရှိလာကာ၊ ပြန်လည်လွတ်မြောက်လာသူမှာ (၆၇၈၅) ဦးအထိ ရှိလာကြောင်း ယမန်နေ့တွင် ထပ်မံဖော်ပြထားသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page