စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးဌာနမှ ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက် လာနိုင်ကြောင်း ထုတ်ပြန်
- Pajau Media

- Jul 24, 2024
- 1 min read
ပါဂျောင်မီဒီယာ
၂၄ရက်၊ဇူလိုင်၊၂၀၂၄။

ကချင်ပြည်နယ်တွင် လက်ရှိအခြေအနေအရ ဧရာဝတီမြစ် စိုးရိမ်ရေမှတ်အောက်ကျဆင်းနေသော်လည်း လာမည့် ၁၀ ရက်အတွင်း ပြန်လည်မြင့်တက်လာနိုင်ကြောင်း ဇူလိုင်လ ၂၁ရက်နေ့တွင် စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားရေးမှူး ဦးစီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါသည်။
ဧရာဝတီမြစ်ဖျားပိုင်းဖြစ်သော ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်၊ ရွေကူနဲ့ စစ်ကိုင်းတိုင်း ကသာမြို့တို့တွင် လက်ရှိရောက်နေသော ရေမှတ်အထက် တစ်ပေမှ ငါးပေအထိ မြင့်တက်လာနိုင်ပြီး ဧရာ၀တီမြစ်လယ်ပိုင်းဖြစ်သည့် သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံနှင့် ပြည်မြို့များတွင် လာမည့် ၁၀ ရက်အတွင်း ဇူလိုင်လကုန်ဝန်းကျင်တွင် လက်ရှိရေမှတ်အောက် သုံးပေကနေ ခြောက်ပေအထိ ပြန်လည်ကျဆင်းလာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူး ဦးစီးဌာနမှ ခန့်မှန်းထားပါသည်။
ထို့ပြင် သံလွင်၊ စစ်တောင်း၊ ဒုဌ၀တီ၊ သောင်ရင်း၊ ရွှေကျင်၊ ပဲခူး၊ ငဝန်နဲ့ ဘီးလင်းမြစ်ရေများမှာလည်း တစ်ဖြည်းဖြည်းမြင့်တက်လာနိုင်ကြောင်း ပြောကြားထားပြီး လက်ရှိအခြေအနေတွင် နိုင်ငံတစ်ဝန်းမှ မြို့ပေါင်း ၁၄ မြို့မှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပြီး ရေကြီးရေလျှံမှုများ ကြုံနေရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဌာနမှ ထုတ်ပြန်ထားပါသည်။




Comments