top of page

စစ်ကောင်စီမှ လက်နက်ရမ်းသမ်း ပစ်ခတ်မှုကြောင့် လုံရှာယာန်ဒေသခံများ ညတွင်းချင်း တိမ်းရှောင်

  • Writer: Pajau Media
    Pajau Media
  • Mar 16, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ပူတာအိုမြို့နယ်၊ လုံရှာယာန်ကျေးရွာတွင် တပ် စခန်းချထားသည့် စစ်ကောင်စီတပ်မှ ယမန်နေ့ည ၈နာရီအချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြိမ်ပေါင်း၁၀ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။


"မနေ့ည ၈နာရီတိတိမှာပဲ လုံရှာကုန်း တပ်မတော်စခန်းကနေ လက်နက်ကြီးတွေအရင် သုံးချက်လောက် ဆက်တိုက်ပစ်တယ်၊ ပြီးမှလက်နက်ငယ်တွေပါ တောက်လျှောက်ပစ်တယ် ၁၅မိနစ်လောက်ရှိမယ်၊ ဆက်တိုက်ကိုပစ်တာ၊ လက်နက်ကြီးတွေရော မိနစ်ပိုင်းထဲမှာပဲ နှစ်ချက်သုံးချက် ဆက်တိုက်ပစ်လာတော့ တိုက်ပွဲဖြစ်ပြီလို့ထင်တာ။ စခန်းအနီးတစ်ဝှက်ရှိတဲ့ ရွာသားတွေက လက်နက်သံတွေ ကြားကြားချင်း ထွက်ပြေးကြတယ်" ဟု လုံရှာယာန်ရွာခံတစ်ဦးက ဆိုသည်။


ဒေသခံပြည်သူများမှာ ကြောက်ရွံ့ထိတ်လန့်မှုများကြောင့် ဘေးလွတ်ရာတောထဲသို့ အရေးပေါ် တိမ်းရှောင်နေကြရပြီး၊ လက်ရှိအချိန်ထိလည်း စစ်ရေးအခြေအနေ စောင့်ကြည့်တိမ်းရှောင်နေဆဲ ဖြစ်ကြောင်း သိရသည်။


လုံရှာယာန် ကျေးရွာအလယ်ဗဟိုတွင် တပ်စွဲထားသည့် ခ.လ.ရ (၁၃၈)နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ KIAနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၅မိနစ်ခန့်ကြာ လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုမှာ ၄င်းတို့၏ လုံခြုံရေးကြောင့်သာ ထိတ်လန့်ပြီး ပစ်ခတ်ခြင်း ဖြစ်လိမ့်မည်ဟု ‌ဒေသခံများက ပြောသည်။


ဒေသခံ (၅၀၀၀) ကျော်နေထိုင်သည့် လုံရှာယာန် ဒေသခံများသည် ယခင် ၂၀၂၂ခုနှစ်တွင်လည်း နှစ်ဖက်စစ်တပ်၏ ထိတွေ့တိုက်ပွဲများကြောင့် သုံးလခန့်ကြာ စစ်ပြေးရှောင်ခဲ့ကြရဖူးသည်ဟု ဆိုသည်။


ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ် ဒေသများတွင် ပြီးခဲ့သည့် မတ်လ ၇ရက်နေ့မှ စတင်ကာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၏ ထိုးစစ်ဆင်ရေး တိုက်ပွဲများစတင်လာခဲ့ချိန်မှ စ၍ မြစ်ကြီးနား-ပူတာအိုသွား ကားလမ်းများ ပိတ်ထားဆဲဖြစ်သည့်အပြင် တမြန်နေ့ မတ်လ ၁၄ရက်နေ့ကတည်းမှလည်း KIA/KPDFပူးပေါင်းတပ်ဖွဲ့များမှ ဆွမ်ဘရာဘွမ်မြို့ကို ဝင်ရောက်တိုက်ခိုက်နေဆဲ ဖြစ်ကြောင်း သိရသည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page