စစ်ကောင်စီမှအာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးများအပေါ် စစ်တပ်၏လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပိုများလာနေ
- Pajau Media

- Jun 29, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၂၉ရက်၊ဇွန်လ၊၂၀၂၅။

မြန်မာနိုင်ငံအတွင်းရှိ စစ်ရေးပဋိပက္ခ အခြေအနေများဆိုးရွားလာသည်နှင့်အမျှ၊ စစ်တပ်၏ ပြည်သူများအပေါ် အကြမ်းဖက်မှုများသည်လည်း တစ်နေ့ တစ်ခြားတိုးလာပြီး အမျိုးသမီးများ သည်လည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ မတရားဖမ်းဆီးခံရသူများလာသော်လည်း အမျိုးသမီးများကို အကာအကွယ်ပေးမှု များနည်းနေသည်ဟု Women's League of Burma (WLB အဖွဲ့ထုတ်ပြန်ချက်အရ သိရပါသည်။
စစ်ကောင်စီတပ်က အာဏာသိမ်းမှုစတင်သည့် ၂၀၂၁ ခုနှစ်နှောင်းပိုင်း မြန်မာနိုင်ငံအတွင်း အုပ်ချုပ်မှုယန္တယားပျက်ပြားသွားပြီး တရားဥပဒေစိုးမိုးမှုမရှိသည့်အတွက် သူခိုး၊ ဓားပြပိုမိုများပြားလာသည့် အပြင် အမျိုးသမီးများ အသက်အရွယ်မရွေး လိင်ပိုင်းဆိုင်ရာကျူးလွန်ခံနေရသည်။
အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံနေရသော်လည်း ကျူးလွန်သည့် တရားခံများကို ထိရောက်စွာအရေးယူနိုင်ခြင်းမရှိသည် သာမက ကျူးလွန်ခံရသူများကိုလည်း တရားဥပဒေအရ ကာကွယ်စောင့်ရှောက် ပံ့ပိုးကူညီမှုများ မလုပ်ဆောင်နိုင်သည်ကိုတွေ့ရသည်။
၂၀၂၁ နှောင်းပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးသည့် အညာဒေသနှင့်တော်လှန်ရေးနယ်မြေအတွင်းက ကျေးရွာများတွင် စစ်ကောင်စီစစ်ကြောင်းလှုပ်ရှားမှုရှိသည့် အရပ်ဒေသများတွင် အမျိုးသမီးများ မုဒိမ်းပြုကျင့်ခံရပြီး၊ သတ်ဖြတ်ခံထားရသည့်အမျိုးသမီး အလောင်းများ မြင်တွေ့ နေရသည့်အပြင် ယခုနောက်ပိုင်း လူမှုကွန်ယက်စာမျက်နှာများတွင်လည်း တရာခံရှာမတွေ့ပဲ သေဆုံးနေသည့်မိန်းကလေးငယ်များ၏ ရုပ်အလောင်းများကို မကြာခဏဆိုသလို မြင်တွေ့နေရခြင်းဖြစ်သည်။
ထို့အပြင် လွတ်မြောက်နယ်မြေ နေရာအချို့တွင်လည်း ယခုနောက်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲများဖြစ်ပြီး မြို့အချို့တွင်လည်း အမျိုးသမီးများ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရမှုများ ရှိလာသည်ကို တွေ့ ပြီး ကျူးလွန်ခံရသူများအနေဖြင့် တရားဥပဒေစိုးမိုးရေးအတွက် တောင်းဆိုကြသော်လည်း ကျူးလွန်သူများကို ထိရောက်စွာအရေးယူနိုင်ခြင်းမရှိနေကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ၂၀၂၁ မှ ၂၀၂၅ မေလအထိ (Women's League of Burma) WLB ၏ ထုတ်ပြန်ချက်အရ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအမှု ပဋိပက္ခများအတွင်း အမျိုးသမီးနဲ့ အမျိုးသမီးဟုခံယူထားသူများအပေါ် လိင်အကြမ်းဖက်ခံရသည့် အမှုပေါင်း ၉၆၃ မှုရှိခဲ့ကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာ) (WLB) ၏ထုတ်ပြန်ချက်အရသိရသည်။
ကျူးလွန်မှုများမှာ မုဒိမ်းမှု ၁၈၃ မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၇၅၈ မှုနဲ့ အထွေထွေ ကျား၊ မ အခြေပြုအကြမ်းဖက်မှု ၈၈ မှု ရှိကြောင်းဖော်ပြထားပြီး ပဋိပက္ခကာလတွေအတွင်း ဥပဒေရေးရာအားနည်းမှုများကြောင့် ကျူးလွန်သူလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် ထိရောက်သည့်အရေးယူဆောင်ရွက်မှုတွေ မလုပ်ဆောင်နိုင်ကြောင်းကိုလည်း အမျိုးသမီးအရေး ကူညီလုပ်ဆောင်နေသူတွေက ထောက်ပြ ပြောဆိုနေကြသည်။
မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ဆက်နွယ်သည့် လိင်အကြမ်းဖက်မှုတွေ အများဆုံး ပစ်မှတ်ထား ကျူးလွန်ခံနေရသူများမှာ အမျိုးသမီးငယ်များဖြစ်ကြောင်းလည်းသိရသည်။ မှတ်တမ်းတင်ထားသည့် ဖြစ်စဉ်အများစုမှာ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်များကို ပစ်မှတ်ထားခံရသည်တွေ့ရပြီး တိုင်းရင်းသားလူနည်းစု အုပ်စုများမှ အမျိုးသမီးများ၊ အထူးသဖြင့် ကျေးလက်ဒေသမှ အမျိုးသမီးများ၊ ရုပ်ပိုင်း၊ စိတ်ပိုင်း မသန်စွမ်း အမျိုးသမီးငယ်များ များပြားကြောင်းအမျိုးသမီးအဖွဲ့များကပြောဆိုထားသည်။
တရားဥပဒေစိုးမိုးမှုမရှိချိန်တွင် တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် ထိရောက်စွာ အရေးယူမှု မပြုနိုင်သော်လည်း ဆက်လက်ဖြစ်ပွားလာနိုင်သည့် အခြေနေများအတွက် လိုအပ်သည့် ပညာပေးရေး၊ ကူညီဆောင်ရွက်ရေး၊ စိတ်ပိုင်းဆိုင်ရာ ကူညီမှု များ လုပ်ဆောင်သင့်ကြောင်းပြောဆိုထားသည်။
အကျပ်အတည်းနှင့်ရင်ဆိုင်နေရသည့် ပဋိပက္ခကာလအတွင်း အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများ ကျူးလွန်မှုကို လုပ်ဆောင်သည့် မည်သည့်အဖွဲ့အစည်း၊ မည်သူမည်ဝါဖြစ်စေ၊ လျစ်လျူမရှုထားသင့်ဘဲ စုပေါင်းတွန်းလှန်ကြရမည် ဖြစ်ကြောင်း (WLB) အဖွဲ့ကတိုက်တွန်းထားသည်။
ကြမ်းဖက် စစ်အုပ်စုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစတင်ကာ (၄) နှစ်တာကာလအတွင်း စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေခဲ့ခြင်းဖြစ်ပြီး စစ်တပ်၏အကြမ်းဖက်တိုက်ခိုက်မှု ကြောင့် ၂၀၂၅ မေလအတွင်း အမျိုးသမီး (၉၂) ဦး သေဆုံးခဲ့ရ ကြောင်း burmese Woman’s Union ဖော်ပြချက်အရသိရှိရသည်။




Comments