စစ်ကောင်စီမှ အရပ်သားပြည်သူများကိုပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုပိုမိုလုပ်ဆောင်လာ
- Pajau Media

- May 13, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၁၃ရက်၊မေလ၊၂၀၂၅။
စစ်ကောင်စီတပ်ဖွဲ့များမှာ အပြစ်မဲ့အရပ်သားပြည်သူများကို လေယာဉ်၊ လက်နက်ကြီးနှင့် ဒရုန်းဗုံးများဖြင့် ပစ်မှတ်ထားပစ်ခတ်တိုက်ခိုက်မှုများ ယခုရက်ပိုင်းအတွင်း ပိုမိုလုပ်ဆောင်လာသည်။
မေလ၁၂ရက်နေ့ ၁၀နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ခုကို ဂျက်လေယာဉ်နှင့် ဗုံးလာရောက်ပစ်ခတ်ခဲ့သောကြောင့် ကျောင်းဆရာမ ၂ဦး အပါအဝင် ကလေးကျောင်းသား (၂၂)ဦး အသက်သေဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ (၇၀)နီးပါး ရှိခဲ့ကြောင်း NUGမှ ထုတ်ပြန်ထားသည်။
အဆိုပါနေ့တစ်ရက်ထဲ ည၁၀နာရီ၄၅မိနစ်အချိန်တွင်လည်း မန်တုံမြို့၊အောင်ချမ်းသာရပ်ကွက်ထဲတွင် လေယာဉ်ဗုံးကြောင့် အရပ်သားပြည်သူတစ်ဦး အသက်သေဆုံးခဲ့ရပြီး၊ အရပ်သားနေအိမ်(၂၇)လုံး ပျက်စီးခဲ့ရကြောင်း၊ ယနေ့ မေလ၁၃ရက်နေ့ ၁၀နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့်မိခင်အပါအဝင် အားလုံးပေါင်း (၁၃)ဦး အသက်သေဆုံးခဲ့ရကာ (၂၀)ဦးနီးပါး ထိခိုက်ခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီမှ အင်အားပြင်းငလျှင်ကြောင့် ယာယီအပစ်အခတ်ရပ်စဲရေးကာလကို မေလ၆ရက်နေ့မှ၃၁ရက်နေ့အထိ ရက်တိုးထုတ်ပြန်ထားသော်လည်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် အခြားတော်လှန်ရေးတပ်ဖွဲ့ရှိသည့် နေရာဒေသများသို့ နေ့စဉ်ဆက်လက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေဆဲ ဖြစ်သည်။
NUGအစိုးရမှလည်း ယခုကဲ့သို့ အချိန်တိုအတွင်း အရပ်သားပြည်သူ အများအပြား အသက်သေဆုံးရအောင် တမင်ပစ်မှတ်ထားတိုက်ခိုက်ရန် ညွှန်ကြားသူများနှင့် ယခုကိစ္စတွင် ပါဝင်ပတ်သက်သူများ အားလုံးကို အရေးယူဆောင်ရွက်နိုင်အောင် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
သတင်း - ပီလမ့်အူ










Comments